ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေ၊ ပြင်ပရွှေအရောင်းအဝယ် လုပ်နေကြသူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ပေးတဲ့ ဈေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်ရင် မရောင်းဖို့ သတိပေးလိုက်ပါတယ်။
"ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။" (ဦးခိုင်မြတ်ကျော် − အယ်ဒီတာချုပ် ၊ နိရဉ္စရာ သတင်းဌာန)
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေနေဟာ အတိမ်းအစောင်းမခံ ဖြစ်နေတဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ ရန်ဒါဂျာအစ္စဝါလ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေက ဒီနေ့အထိ လျော့ကျမသွားပဲ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ် ကျေးရွာတရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။
စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)လှုပ်ရှားရာ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေပြီး၊ တလကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတာပါ။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကတော့ ကျိုက်ဒုံစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းက ကျေးရွာတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံရပြီး အရပ်သား ၉ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။
ရွာထဲက ဒေသခံနေအိမ် ၅၀၀ ဝန်းကျင် မီးထဲပါသွားပြီး၊ မီးရှို့ခံထားရတဲ့ လူသေအလောင်း တချို့ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ကတော့ မီးရှို့ပြီး အိမ်စီးကားတွေနဲ့ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဘွမ်ရဲဘွမ် တပ်စခန်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ သိမ်းယူလိုက်ပြီး ဘွမ်ရဲဘွမ် စခန်းနဲ့ လိုင်ဇာပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေကြောင်း KIA က သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စတင် စာရင်းကောက်ယူတာ၊ ရပ်ကွက်က စာရင်းကောက်ယူထားတဲ့သူတွေကို သွားနိုင်ခြင်း ရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ်ရပ်ကျေးတွေ ကနေတဆင့် စတင် လုပ်ဆောင်နေပြီလို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။
"မြဝတီမြို့ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရမယ်ဆိုပြီးဖြစ်နေတယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူကလွဲရင် ကျန်းမာသန်စွမ်းသူတွေအားလုံး မဲနှိုက်ရမယ်။ ....သူတို့ (စစ်တပ်)ဆီသွားမယ့်အစား တောခိုတာပဲကောင်းတယ်လို့ ပြောကြတယ်။ အဲဒီလိုပဲစဉ်းစားကြတယ်။" (ဒေသခံ)
ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းက မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဒါဆိုင်း တပ်စခန်းကို ဒီကနေ့မနက်ပိုင်းမှာ KIA က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်