မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင် အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖေဖော်ဝါရီလကတည်းက အဓမ္မ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းဘက်ကလည်း နယ်စပ်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပါတယ်။ မြဝတီမြိုခံတချို့ကတော့ နယ်ခြားကို ဖြတ်ပြီး ထိုင်းဘက်ကို နည်းလမ်းမျိုးစုံနဲ့ ကူးလာနေကြဆဲ ဖြစ်ပါတယ်။
ဖမ်းဆီထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန် အပူကြီးတဲ့အတွက် ဆေးရုံတက်ဆေးကုသနေရတယ်လို့ ရှေ့နေကပြောပါတယ်။ ဒါပေမဲ့လည်း စိုးရိမ်ရတဲ့ အဆင့်တော့ မရှိဘူးလို့လည်း ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေအကြား ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ကာကွယ်နေတာကြောင့် မြို့ခံတွေ အများအပြားဟာလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တိမ်းရှောင်နေကြတာပါ။
မွန်ပြည်နယ် မော်လမြိုင်မြို့က စစ်ရုံးချုပ်ကို အေဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်အရာရှိကြီးတချို့ အပါအဝင် ထိခိုက်မှုတွေ ရှိခဲ့ကြောင်းဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်းမှာတော့ မော်လမြိုင်မြို့မှာ လုံခြုံရေးတင်းကြပ် ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ထိုင်း မြန်မာနယ်စပ် မြဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့လည်း နယ်ခြားဂိတ်တွေကို ဖွင့်ထားဆဲ ဖြစ်ပြီး ကုန်သွယ်ရေး ရပ်တန့်သွားတာမျိုး ဖြစ်လာခဲ့ရင်၊ ရနောင်းလို တခြား လမ်းတွေကနေ ကုန်တွေ ပေးပို့သွားမယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောပါတယ်။
ဧပြီ(၃)ရက်နေ့က ထိုင်ဝမ်ကျွန်းမှာ ပြင်းအား(၇.၄)ရှိ ငလျင်လှုပ်ခဲ့ပြီးနောက် ဒီကနေ့အချိန်ထိလည်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နေပြီး၊ ထိုင်ဝမ်ပြည်သူတွေ ခုချိန်ထိ စိတ်ခြောက်ခြား ခံစားနေရဆဲပဲလို့ New Taipei မြို့မှာ နေထိုင်သူ မထက်ထက်ဦးက VOA ကိုပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က Zoom ကတဆင့် မေးမြန်းထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အခြေအမြစ်မရှိ တဖက်သပ်စွပ်စွဲချက်တွေဆိုပြီး မြန်မာစစ်ကောင်စီဘက်က ပယ်ချပါတယ်။
မြန်မာနယ်စပ်အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးကို အင်္ဂါနေ့ကခေါ်ယူခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်း အစုအဖွဲ့အားလုံးနဲ့ဆွေးနွေးသွားရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ၊ ကြားနေသွားမယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဧပြီ ၉ ရက် တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အမ်းမြို့နယ်မှာဆိုရင်လည်း လမ်းခရီးတွေကို နှစ်ဘက်အပြန်အလှန် ပိတ်ထားတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ မှောင်ခိုစျေးကွက်ကိုပဲ အားထားနေရတယ်လို့ ပြည်တွင်းက နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ငွေတန်ဖိုး ပိုပြီး ကွာဟလာတာကြောင့်လည်း ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ ဆက်ပြီး တက်လာနိုင်တာကို လုပ်ငန်းရှင်တွေက ခန့်မှန်းထားတာပါ။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နေရာတခုဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်