သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်


ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ မြင်ရတဲ့ မြဝတီမြို့(ဧပြီ ၁၀၊ ၂၀၂၄)
ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ မြင်ရတဲ့ မြဝတီမြို့(ဧပြီ ၁၀၊ ၂၀၂၄)

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေအကြား ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်းတခုကို ကာကွယ်ဖို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ကာကွယ်နေတာကြောင့် မြို့ခံတွေ အများအပြားဟာလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တိမ်းရှောင်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က နယ်စပ်ကုန်သွယ်ရေးအတွက်အချာကျတဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး မြ၀တီမြို့မှာ တခုတည်းသာ ကျန်တော့တဲ့စစ်ကောင်စီရဲ့ စခန်းဖြစ်တဲ့ခလရ ၂၇၅ စခန်းမကျရေးအတွက်စစ်ကောင်စီကလည်း လေကြောင်းပစ်ကူကော လက်နက်ကြီးပစ်တာကော သုံးပြီး ကာကွယ်နေပါတယ်။ ဒီစခန်းကို စစ်ကူလာမယ်လို့ယူဆရတဲ့ စစ်ယာဉ်တန်းတွေ ဘားအံဘက်ကတက်လာနေပြီလို့သတင်းသာသိရပေမဲ့ မြ၀တီမြို့ကိုရောက်နိုင်ဖို့ကတော့မလွယ်သေးဘူးလို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က VOA ကိုပြောပါတယ်။

"တိုက်လေယာဉ်နဲ့လေ ဗုံးတွေတအားကြဲနေတာ ညတုန်းကလည်း တညလုံးပစ်ခတ်မှုတွေဖြစ်တယ်။ အခုက ခလရ ၂၇၅ တခုပဲကျန်တော့တယ် ၊ သူတို့ဘက်ကတော့စစ်ကူတွေလာနေတယ်လို့တော့ပြောတယ် ၊ ခလရ ၂၇၅ ကတော့တောင့်ခံနေတုန်းပဲ၊ မြ၀တီဘက်ကို စစ်ကားတွေဆင်းလာဖို့ကတော့မလွယ်လောက်ဘူး အာရှလမ်းတလျှောက်ကတော့ ကျနော်တို့လူတွေ က အကုန်ရှိနေတယ်၊ လာတာတော့လာမှာပဲဘယ်အချိန်ရောက်မလဲတော့မသိဘူး လာတဲ့အချိန် ခလရ ၂၇၅ ကရှိချင်မှရှိတော့မှာ၊ အခုက တံတားဘက်ကော မြို့ထဲတွေကော ကျနော်တို့လူတွေ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာပါ။ လက်ရှိအခြေအနေမှာပေါ့"

စစ်ကောင်စီဘက်ကတော့ တပ်သားတွေ ခဲယမ်းတွေ ရိက္ခာတွေသယ်ဆောင်ပြီး တင့်ကားတွေကတော့ မော်လမြိုင်-သထုံ-ဘားအံလမ်းအတိုင်း လာနေတယ်လို့ဒေသခံတွေကပြောပေမဲ့မြ၀တီဘက်ကိုတော့ ရောက်ရှိမလာသေးပါဘူး၊

အခုဆိုရင်မြ၀တီမြို့မှာတော့ တိုက်ပွဲတွေကြောင့် မြို့ခံတွေအကုန်နီးပါး ထိုင်းနိုင်ငံမဲဆောက်ဘက်ကို တိမ်းရှောင်နေပေမဲ့ ကုန်သည်တွေအဖို့ကတော့ ကုန်ပစ္စည်းတွေကိုထားပြီးထွက်ပြေးဖို့ကတော့မလွယ်ကူတဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆက်ပြောပြပါတယ်။

"မြ၀တီကတော့တမြို့လုံးနီးပါးကတော့ တိမ်းရှောင်နေကြတယ် ရှောင်ကြပေမဲ့ ကျန်တဲ့သူတွေကောကျန်သေးတယ်၊တမြို့လုံးလည်းရှောင်ဖို့ကလည်းခက်တယ်လေ မြ၀တီအနေအထားက ရုတ်တရက်စွန့်ခွါဖို့ကအခက်အခဲရှိတယ်။ ကုန်သိုလှောင်ရုံတွေ စက်ရုံတွေ၊ ကုန်သွယ်ရေးဇုံရှိတော့ ပိုင်ဆိုင်မူတွေများတော့အခြေအနေက ကျန်တဲ့မြို့တွေအနေအထားနဲ့မတူဘူး၊ အဲဒါကြောင့်လည်းကျနော်တို့ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတယ် ။ လေယာဉ်တွေနဲ့ ဗုံးကြဲဖျက်ဆီးမှာကိုလည်းကျနော်တို့ကအရမ်းစိုးရိမ်ပြီးကြောက်နေရတာ"

မြ၀တီမြို့ခံတဦးကတော့ တအိမ်ကို အိမ်စောင့်တဦးလောက်ချန်ပြီးထွက်ပြေးနေကြတယ်လို့လည်းပြောပါတယ်။

"မနေ့ကတည်း နေ့လည်တနာရီလောက်ကနေ ဗုံးကိုစကြဲတာ ညကကော မနက်ကော အခုထိလည်းလေယာဉ်ကဝဲပျံနေတုန်းပဲ တ၀ုန်း၀ုန်းနဲ့ အခုက မြ၀တီလမ်းမတွေမှာ ကားတွေကောလူတွေကောရှုတ်ရှပ်ခတ်နေတယ်။ ဟိုဘက်ကမ်း(မဲဆောက်)ကိုကူးကြတာ အိမ်မှာလူစောင့် တယောက်လောက်စီပဲထားပြီးကူးကြတာ"

အခုဆိုရင်မြ၀တီမြို့မှာ ညနေပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ခလရ ၂၇၅ လက်နက်ချအလံဖြူထောင်ပြီလို့သတင်းရပေမဲ့ သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း မြ၀တီအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG