သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင် စစ်ရုံးချုပ် ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်


ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ က မော်လမြိုင်ပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ (ဧပြီ ၈၊ ၂၀၂၄)
ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ က မော်လမြိုင်ပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ (ဧပြီ ၈၊ ၂၀၂၄)

မွန်ပြည်နယ် မော်လမြိုင်မြို့က စစ်ရုံးချုပ်ကို အေဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်အရာရှိကြီးတချို့ အပါအဝင် ထိခိုက်မှုတွေ ရှိခဲ့ကြောင်းဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်းမှာတော့ မော်လမြိုင်မြို့မှာ လုံခြုံရေးတင်းကြပ် ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာ ပြောပြပေးမှာ ဖြစ်ပါတယ်။

ဧပြီလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့ ၂ ရက်ဆက်တိုက် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အရာရှိ အရာခံ အကြပ်တပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ရှာထူးဝေါ်နည်းပညာဌာန Alpha Bats ဒရုန်းတပ်ခွဲ က သတင်းထုတ်ပြန်ခဲ့တာပါ။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တဲ့ အထူးအစည်းအဝေးကျင်းပနေစဉ် ဧပြီလ ၈ ရက်နေ့ ညနေမှာ တစ်ကြိမ် ၊ ဧပြီလ ၉ ရက် နေ့လယ်မှာ တစ်ကြိမ် တိုက်ခိုက်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

တိုက်ခိုက်မှုမှာ အကြီးတန်း စစ်အရာရှိကြီးတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မမှန်ဘူးလို့ Viber ကနေ တုံ့ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေတွေကို သိရဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မော်လမြိုင်မြို့ခံ တယောက်ကတော့ တိုက်ခိုက်မှုဖြစ်ချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

“ပထမတချက်ကျတော့ မိုးချိန်းသံလို့ ထင်လိုက်တာ၊ သတိမထားမိဘူး။ ဒုတိယတချက်လည်းကျတော့ မြေတွေပါ တုန်ပြီးတော့ သမီးတို့အိမ်ဆိုရင် တံခါးမှန်တွေပါတွေ လှုပ်သွားတာ၊ ဟာ… မိုးချိန်းသံမဟုတ်ဘူးပေါ့ ငလျင်လာဘာလာပေါ့နော် အဲ့မှာ လူတွေကလေ ရပ်ကွက်ထဲကလူရော ဒီတိုက်ခန်းပေါ်ကရော ပြေးဆင်းလာကြတယ် သိတယ်မလား တိုက်ပွဲဖြစ်ပြီးဘာညာဆိုပြီးပေါ့၊ သမီးတို့လည်း ဟာ…ဘာဖြစ်ကြလဲမသိဘူးပေါ့နော်။ နောက်တချက်ထပ်ကြားတယ် ၃ချက်၊ ဒါပေမယ့် သမီးတို့အစ်မတို့ နေတဲ့ ဘက်ခြမ်းကျတော့ သေနတ်သံတွေပါ ကြားရတယ် သူတို့ကျတော့ သမီးတို့ကျတာ့ အသံအကျယ်ကြီးဗုံးသံဖြစ်မှာပေါ့ ၃သံကြားရတယ်။ ဒုတိယတချက်တော့ အကျယ်ဆုံးပဲ မြေတောင်တုန်သလိုဖြစ်သွားတယ် သမီးတို့တိုက်ခန်းတို့ မှန်တံခါးလှုပ်တာ။”

၉ ရက်နေ့ တိုက်ခိုက်မှုမှာ အသံသိပ်မကျယ်ပေမယ့် ၈ ရက်နေ့ ညနေပိုင်း တိုက်ခိုက်မှုမှာတော့ ပေါက်ကွဲသံအကျယ်ကြီးမို့ မြို့ခံတွေ တုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။ နောက်ထပ် မြို့ခံတဦးကလည်း မော်လမြိုင်မြို့မှာ အရင်က အခုလိုအခြေအနေမျိုး မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။

“၈ရက်နေ့ ညနေကဆိုရင် ဒါ အရှေ့တောင်တိုင်းကို တိုက်ခိုက်တယ်လို့ ကျနော်တို့လည်း ကြားရတယ်။ ကျနော်အိမ်နဲ့တော့ နည်းနည်းဝေးနေတော့ အသံကတော့ သိပ်တော့မကြားရဘူးပေါ့။ ပြီးတော့ ဒီ ၉ ရက်နေ့ နေ့လယ် ၁နာရီနောက်ပိုင်းအဲ့လောက်အချိန်မှာလည်း အဲ့ဒီလိုတိုက်ခိုက်တဲ့အသံတော့ ကြားရတယ် တိတ်တိတ်လေးပဲ ကြားရတယ်။ ၃၊၄ချက်လောက်တော့ ရှိမယ်ထင်တယ် ကျနော်အနေနဲ့ ကြားရတယ်ဆိုလို့ရှိရင်တော့။ အခုနောက်ပိုင်းဆိုလို့ရှိရင် မြို့တွင်းတိုက်ခိုက်မှု ပုံစံမျိုး အစပျိုနေပြီးလို့တော့ ပြောလို့ရတယ်ပေါ့။”

မော်လမြိုင်မြို့ စစ်ဌာနချုပ် တိုက်ခိုက်ခံရမှု သတင်းနဲ့ နောက်ဆက်တွဲ မြို့တွင်းမှာ လုံခြုံရေး သိသိသာသာ တိုးမြှင့်လာတာ တွေ့ရတယ်လို့လည်း မြို့ခံက ပြောပါတယ်။

“စစ်တာ တော်တော်စစ်တယ်၊ ဘာဖြစ်လဲဆိုတော့လေ ယောကျာ်းလေး မိန်းကလေးဖြစ်ပါစေ။ အရင်ဆိုရင် သွားရင် တောင်ပေါ်တန်းတွေဘာတွေ သိပ်မစစ်ဘူး၊ ခုတောင်ပေါ်တန်းဆိုရင်လည်း တော်တော်စစ်တယ်။ ရဲစခန်းရှေ့စစ်တယ် အဲ့လမ်းဆုံတွေမှာ တော်တော်စစ်တယ်။ စစ်ရေးတကယ်ကို သေချာမေးပြီးစစ်တာ သူတို့မသင်္ကာဘူးဆို မပြီးတော့ဘူး အဲ့ဒါ။ နောက်ပြီးတော့ အဲ့လို ဝက်ဦးလှည့် တို့ အဲ့လိုပေါ့နော် တခုခုဆောင်ထားတာ တွေ့ပြီးဆိုရင် အဲ့ဒါမပြီးတော့ဘူး။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့ ပေါ်ပေါက်လာနေရာမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေက မကြာခဏ အဝေးထိန်း ဒရုန်းတွေသုံး တိုက်ခိုက်မှုတွေလည်း ရှိနေတာပါ။ မကြာသေးခင် ရက်တွေကလည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်မှာ အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး၊ စစ်ကောင်စီတာဝန်ရှိသူတွေကတော့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG