သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံနေရကြောင်း HRW သတိပေး


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင် အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖေဖော်ဝါရီလကတည်းက အဓမ္မ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ် ပိတ်ပင်ထားပေမဲ့ နိုင်ငံသားတွေအတွက်သာ ရည်ရွယ်ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ သူတို့ကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

သူတို့ကို ညဘက် အိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးတာ၊ နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး လိမ်ညာ ခေါ်ဆောင်တာ၊ ဖမ်းဆီးမယ်၊ ပြန်ပေးဆွဲမယ်၊ ရိုက်နှက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရိုဟင်ဂျာတွေက ထွက်ဆိုကြောင်း HRW က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်း ၂ ပတ်တက်ခိုင်းပြီး ရှေ့တန်းမှာ စစ်တိုက်ခိုင်းတယ်လို့ ဆိုပါတယ်။ အများစုဟာ မနှစ် နိုဝင်ဘာလအတွင်း စတင်ခဲ့တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းတွေကို စေလွှတ်ခံခဲ့ရပြီး သေဆုံး၊ ဒဏ်ရာရသူတွေ အများအပြား ရှိလာနေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ပြီး ရက်စက်မှုမျိုးစုံကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်က အခု သူတို့ဘက်ကနေ စစ်ဝင်တိုက်ခိုင်းတာဟာ အင်မတန် အံ့ဩတုန်လှုပ်ဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ဖြစ်ရပ် ၁၁ ခုကို HRW က မှတ်တမ်း ပြုစုပြီး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော် စတဲ့ မြို့နယ်တွေက စစ်သားစုဆောင်းခံရသူ ၂၅ ဦးကိုလည်း တွေ့ဆုံ မေးမြန်းထားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG