သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်တဲ့ အမ်းမြို့နယ်တွင်း စားနပ်ရိက္ခာပြတ်လပ်


အမ်းမြို့ အဝင်မြင်ကွင်း။
အမ်းမြို့ အဝင်မြင်ကွင်း။

ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ် တော်AAကြား ဒီကနေ့ထဲတို်က်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အမ်းမြို့နယ်မှာဆိုရင်လည်း လမ်းခရီးတွေကို နှစ်ဘက်အပြန်အလှန် ပိတ်ထားတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြ ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် နန်းလောင်ဝ်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်AAက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်နေပြီး ဘူးသီးတောင် မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ရခိုင်အရေးကျွမ်းကျင်သူ လွတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ် ဦးဖေသန်း ကပြောပါတယ်။

“ သိသလောက်တော့ ဘူးသီးတောင် မောင်တော အဲနှစ်မြို့နယ် ဒီဘက်မှာဆိုရင်အမ်းပေါ့ အဲသုံးမြို့နယ်က ကတော့ ပြင်းပြင်းထန်ထန်တို်က်ပွဲ ဖြစ်နေတယ်လို့ သိရတယ်။ အမ်းမြို့ကိုတော့ သူတို့ဘက်က ဝိုင်းထားတယ်။ ဒီဘက်မှာ ကဇုကိုင်း၊ စညှင်းဗျူဟာကုန်း နဲ့ တောဟိန်းတောင်ဗျူဟာကုန်း အဲမှာလည်း တို်က်ပွဲတွေ အများ ကြီးဖြစ်နေတယ်၊ ဆိုတော့ အိမ်းမြိုဆိုရင်တော့ မြို့စွန်မြို့ဖျား အဲစခန်းလေးတွေကို တိုက်နေတယ်၊ ပြီးတော့ ပတ်ပတ်လည်ဝိုင်းထားတယ် အဲလိုမျိုးကြားပါတယ်။”

အမ်းမြို့နယ်မှာရှိတဲ့ စကခ(၅)လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကုန်းကို ဒီလအတွင်းမှပဲ AAက အဓိကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တခြားစခန်းငယ်တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းပစ်ခတ်တာတွေ နေ့တိုင်းရှိနေတာကြောင့် အမ်းဒေသခံတွေ စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ အသံတွေကတော့ နေ့တိုင်းကြားရတယ်လေ မြို့ပေါ်ကနေ လှမ်းလှမ်းပစ်တာဆိုတော့လေ၊ လေယာဉ်တွေလည်း ပျံတယ်လေ ရွာဘက်တွေကို၊ ကြောက်တော့ ကြောက်စရာပဲ ပစ်တာတွေက ကိုယ့်ဘက်တွေကို ကျမလား၊ ကိုယ့်အိမ်ကိုများ ကျလာမလား အဲလိုမျိုး ကြောက်နေကြတယ်။ ကြောက်ရင်းနဲ့ပဲ ကျတဲ့ ရွာတွေလည်းလက်နက်ကြီးတွေ ကျတာရှိတယ်။”

အမ်းမြို့ပေါ်မှာတော့ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စိုးရိမ်မှုတွေကြောင့် ဒေသခံတွေ မြို့ပေါ်စွန့်ခွာသွားကြတာတွေရှိသလို၊ တိုက်ပွဲ ဧရိယာအတွင်းက ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်းပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ဒေသခံ တွေကြား စားနပ်ရိက္ခာပြတ်လပ်တာတွေရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ဆန်ကုန်သည်တွေမှာလည်း ဆန်မရှိတော့ဘူး၊ ဆန်က မင်းဘူးကနေ တခေါက်ယူပြီးရင် အကန့်အသတ်နဲ့ရောင်း တအိမ်က နှစ်ပြည်ဆိုရင် နှစ်ပြည် ၃ပြည်ဆိုရင် ၃ပြည်အဲလို ပေါ့၊ပြီးတော့ ဆန်ကုန်မှ တခေါက် ပြန်လွတ်ပေးတယ်၊ အဲလိုပုံစံမျိုး သွားနေကြတာ။”

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်အကုန်ပိုင်း လောက်ကတည်းက စစ်ကောင်စီဘက်က ကုန်စည်စီးဆင်းမှုတွေ ကန့်သတ်ထားတာရှိသလို လက်ရှိမှာလည်း အမ်း-ပဒါန်လမ်းကိုလည်း ဧပြီလ ၂ရက်နေ့ ကစပြီး AA ဘက်က အကန့်အသတ်မရှိပိတ်ပင်ထားပါတယ်။ အခုလို အမ်း-ပဒါန်းလမ်းကို ပိတ်လိုက်တာကြောင့်လည်း အမ်းမြို့နယ် အတွင်း စားနပ်ရိက္ခာ တွေ ပိုကြပ်တည်းလာစေတယ်လို့ အမ်းဒေသခံတဦးကပြောပါတယ်။

“ ၁၁လပိုင်းမှာ စစ်တပ်က လမ်းပိတ်ထားတာကြောင့် အဲကတည်းက အကန့်အသတ်နဲ့ ဝယ်ပြီးတော့ သွားနေရတာ၊ အခုထပ်ပြီးတော့ အမ်း- ပဒန်းလမ်းကိုထပ်ပိတ်လိုက်တော့ ပိုဆိုးသွားတာပေါ့လေ ဆန်ရိက္ခာ လုံးဝမရှိဖြစ်သွားတယ်။”

အမ်း-ပဒါန်းလမ်းဆိုတာဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းတခုဖြစ်ပြီး အဲဒီလမ်းကနေ စစ်ကောင်စီက အင်အားဖြည့်တင်းတာ တွေ၊ လက်နက်ခဲယမ်းသယ်ယူတာတွေနဲ့ မိုင်းထောင်တာတွေကြောင့် အခုလိုရက်အကန့်အသတ်မရှိပိတ် လိုက်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာတကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နို်င်ဝင်ဘာလ ၁၃ရက်နေ့ကတည်းက စစ်ကောင်စီက ကုန်လမ်း ရေလမ်းတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ အားလုံးကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေကြား စားနပ်ရိက္ခာ ရှားပါးလာသလို၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းအခက်အခဲတွေရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃သိန်းကျော် အထိရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG