သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရားမဝင် ကုန်သွယ်မှုတွေအားကောင်း


တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)
တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)

တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ မှောင်ခိုစျေးကွက်ကိုပဲ အားထားနေရတယ်လို့ ပြည်တွင်းက နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ငွေတန်ဖိုး ပိုပြီး ကွာဟလာတာကြောင့်လည်း ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ ဆက်ပြီး တက်လာနိုင်တာကို လုပ်ငန်းရှင်တွေက ခန့်မှန်းထားတာပါ။ ဒီအကြောင်း ပေးပို့လာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုစံကျော်က ပြောပြမှာပါ။

နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မြို့တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ကုန်သွယ်ရေး ယာယီ ရပ်တန့်ထားရတာကြောင့် လတ်တလောမှာတော့ မှောင်ခိုစျေးကွက် ပြန်ပြီး ဖြစ်ထွန်းလာတယ်လို့ ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ တမူးနယ်စပ်ဂိတ်ကနေ အိန္ဒိယကုန်စည်တချို့ ပြန်ပြီး ဝင်နေတယ်ဆိုပေမဲ့ တကယ်တမ်းတော့ တရားမဝင် ကုန်သွယ်နေကြတာလို့ ဒေသခံကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ဘက်တွေက အခုဟာက အိန္ဒိယငွေစျေးတွေလည်း မြင့်တယ်ဗျာ၊ သယ်ယူစရိတ်တွေလည်း များနေတယ်။ စျေးကတော့ တက်မှာပဲလေ တက်မှာပဲ၊ သူတို့ဘက်ကလည်း တိုက်ရိုက် ပုံမှန်လမ်းကနေ လာရတာမဟုတ်ဘူး၊ ကိုယ့်ဘက်ကိုရောက်လာ ကိုယ့်ဘက်ကလည်း ပုံမှန်လမ်းအတိုင်း ပြည်တွင်းကို ပို့ရတာမဟုတ်ဘူး။ တမူး-ကလေးလမ်းက ပိတ်ထားတာဆိုတော့ ကွင်းလမ်းတွေကနေ သွားရတာကိုး။ သူတို့ဘက်ကလည်း လူမှုရေး ပြဿနာတွေကြောင့် နာဂလမ်းဘက်ကနေ ပတ်လာရတာ။ သွားတာကတော့ သွားတော့ သွားနေကြတာပဲ မှောင်ခိုသွားနေကြတာပေါ့။ ကျနော်တို့ မြန်မာငွေစျေး ကျတော့ သူတို့ငွေစျေးက အော်တိုတက်သလို ဖြစ်တာပေါ့၊ ဟိုတုန်းက ထားပါတော့ အိန္ဒိယတရူးပီးကို မြန်မာ၃၀၊ အခုဟာက ၄၀လောက်ဖြစ်နေတာကိုး။ ကွာတာက အတော်လေး ကွာပါတယ်။"

စစ်ကိုင်းတိုင်း ကလေး-တမူး ကားလမ်းပေါ်မှာ တိုက်ပွဲတွေရှိနေပြီး အခုအချိန်အထိ အသွားအလာ ပိတ်ထားတုန်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပက မှောင်ခိုသွင်းကုန်ပဲဖြစ်ဖြစ်၊ ရန်ကုန်နဲ့ မန္တလေးကလာတဲ့ ကုန်တွေဖြစ်ဖြစ် အစစအရာရာ စျေးကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြည်တွင်းမှာ စက်သုံးဆီတွေ တဖြည်းဖြည်း စျေးတက်နေတာကြောင့် ကချင်ပြည်နယ်ဘက်မှာ တရုတ်က စက်သုံးဆီတွေကို မှောင်ခို တင်သွင်းလာကြပါတယ်။ ကန်ပိုက်တီလို နယ်စပ်ဂိတ်တွေကနေ ကုန်ကားတွေနဲ့ တနိုင်တပိုင် သွင်းလာကြတာလို့ ဒေသခံကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒီဇယ်၊ ဓာတ်ဆီတော့မသိဘူး စက်သုံးဆီတွေတော့ ကားကြီးကားငယ်တွေနဲ့ ဝင်နေတာပဲ၊ ပီပါနဲ့ ၁၂ဘီးကားနဲ့ဝင်တာ။ ကြာပြီပေါ့ တလလောက်ရှိပြီ။ တရားဝင်ကတော့ ဘာမှတော့ ဝင်လို့တော့ မရသေးပါဘူး၊ ဝင်နေတာပဲသိတယ်။ ပြည်နယ်လိုအပ်ချက်နဲ့ သွားတာနေမှာ။ မြစ်ကြီးနားမြို့ထဲ အထိပဲထင်တယ် ဟိုဘက် (စစ်ကိုင်း) တော့ မသွားဘူး။"

တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးစခန်းရှိတဲ့ ရှမ်ပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့မှာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ရှင်းလင်းတာ၊ နယ်မြေ ရှင်းလင်းတာတွေကြောင့် မြန်မာဘက်က ကုန်စည် အသွားအလာမရှိသေးပါဘူး။ တရုတ်ဘက်က လူသုံးကုန် ပစ္စည်းတွေကတော့ မှောင်ခိုလမ်းကြောင်းတွေကနေ ပြည်တွင်းကို ပုံမှန်ဝင်နေကြောင်း ဒေသခံတချို့က ပြောပါတယ်။

ထိုင်း-မြန်မာ အဓိကကုန်သွယ်နေတဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးကလည်း ကရင်ပြည်နယ်က စစ်ပွဲတွေကြောင့် ရပ်နားထားရပါတယ်။ မြဝတီမြို့က ပုဂ္ဂလိက ဘဏ်တွေလည်း ဒီနေ့အင်္ဂါနေ့ကစပြီး ပိတ်ထားလိုက်ပြီလို့ ဒေသခံတဦးက ပြောပါတယ်။ ကုန်သွယ်ရေးကတော့ မှောင်ခို လမ်းကြောင်းတခုပဲ အားထားနေရကြောင်း ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေး ခက်ခဲလာတဲ့အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတချို့ကို ရန်ကုန်ဆိပ်ကမ်းတွေကနေ ပြောင်းလဲ လုပ်နေကြပါတယ်။ ဒါပေမဲ့ အခြေခံ လူသုံးကုန်နဲ့ စားသောက်ကုန်တွေကတော့ နယ်စပ်ကနေပဲ ခက်ခက်ခဲခဲ သွင်းယူနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG