သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက ဦးဝင်းထိန် အပူဒဏ်ကြောင့် ဆေးရုံတင်ရ


 စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)

ဖမ်းဆီထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန် အပူကြီးတဲ့အတွက် ဆေးရုံတက်ဆေးကုသနေရတယ်လို့ ရှေ့နေကပြောပါတယ်။ ဒါပေမဲ့လည်း စိုးရိမ်ရတဲ့ အဆင့်တော့ မရှိဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို မအိသန့်စင် ပြောပြပေးမှာပါ။

မန္တလေး အိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ အသက် ၈၃နှစ်အရွယ်ရှိနေတဲ့ NLD ပါတီ နာယက ဦးဝင်းထိန်ဟာ မကြာသေးခင်ရက်ပိုင်းက အပူချိန် မြင့်မားတဲ့ဒဏ် ခံခဲ့ရပြီးနောက် ဆေးရုံတင် ကုသခံနေရတာလို့ သူ့ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။

"ဆေးရုံတက်တာဟုတ်တယ်။ခုဘဲကျနော်ကိုလှမ်းဆက်လို့ပြန်ပြောတာ။ မန္တလေးဆေးရုံကြီးမှာ တက်တာ။ သူ့ညီဆီကနေပြန်အဆက်အသွယ်ရတယ်။ ဘာမှမစိုးရိမ် နဲ့တော့ပြောတယ်။ သက်သက်သာသာတော့ရှိတယ်။ ဖျားတာမို့မန္တလေးဆေးရုံမှာတင်တာ။ မစိုးရိမ်ရဘူး။ ဘယ်နေ့ကလဲ ဆိုတော့ တနင်္ဂနွေ တနင်္လာမှာဖြစ်တာထင်တယ်။ စနေနေ့ကအထိက ဘာမှအဆက်အသွယ်မရသေးဘူး။ ဆေးရုံတွေဘာ တွေမတက်သေးဘူးတဲ့။ သူ့ညီကနေတ ဆင့်ဆက်သွယ်လို့သိရတာ။"

လက်ရှိမှာတော့ မန္တလေး ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၃)၊(၅)ထပ်ဆောင်၊(၂) လွှာ၊အခန်းအမှတ် (၃) မှာ တက်ရောက် ကုသမှုခံယူနေပေမဲ့ စိုးရိမ်ရတဲ့အခြေအနေမှာမရှိဘူးလို့ ရှေ့နေကပြောပါတယ်။ လက်ရှိမှာ ဦးဝင်းထိန်ကိုမိသားစုနဲ့ တွေ့ ခွင့်ပေးမပေးဆိုတာကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့နှစ်ကုန်ခါနီးလောက်မှာ ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့တဲ့ ထောင်ဝင်စာလူတွေ့ခွင့်တွေပြန်ခွင့်ပြုခဲ့ပေမဲ့ အထင်ကရ နိုင်ငံခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အထင်ကရနိုင်ငံရေးခေါင်းဆောင်တွေကိုတော့ လူတွေ့ ခွင့် အခုချိန်ထိမပေးသေးဘဲ ပိတ်ပင်ထားဆဲရှိပါတယ်။

၂၀၂၁ အောက်တိုဘာ ၂၉ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော် အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - ကနဲ့ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ထားတာပါ။ အဲဒီနှစ် နိုဝင်ဘာ ၉ ရက် မှာတော့ ဦးဝင်းထိန်ကို နေပြည်တော်အကျဉ်းထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်း‌ရွှေ့ခဲ့တာဖြစ်ပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ သတင်းဌာနတချိုနဲ့တွေ့ဆုံပြီး “ပြည်သူသို့ပန်ကြားချက်” ဆိုပြီး ပြောခဲ့တာက နိုင်ငံတော်အကြည်ညို ပျက်စေတယ်ဆိုပြီး တရားစွဲခဲ့တာပါ။

အသက် ၈၃ ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေအပြင် သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါတို့ပါ ခံစားနေရသူဖြစ်ပါတယ်။ ဦးဝင်းထိန်မှာ ကျန်းမာရေးအခြေအနေအရ အောက်ဆီဂျင် ပုံမှန်ရှူနေရသူဖြစ်သလို လက်တွန်းလှည်းအကူအညီနဲ့ သွားလာလှုပ်ရှားရသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG