သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်လေယာဉ်တွေ ကျူးကျော်လာရင် တုန့်ပြန်ဖို့ ထိုင်းအသင့်ပြင်ထား


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းထောက်တွေမေးမြန်းတာကိုဖြေကြားနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းထောက်တွေမေးမြန်းတာကိုဖြေကြားနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာ ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်ဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြဝတီနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဒီနေ့ရောက်ရှိစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောကြားခဲ့တာဖြစ်ပါတယ်။

"ထိုင်းနိုင်ငံဘက်က သတိပေးမှုနဲ့ စတင် တုံ့ပြန်သွားမှာဖြစ်ပါတယ်။ ချက်ချင်းတိုက်ခိုက်တုံ့ပြန်တာမျိုးမဟုတ်ဘဲ လုပ်သင့်တဲ့အဆင့်တွေအတိုင်း လုပ်သွားမှာပါ။ ဒါပေမဲ့ ထိုင်းပိုင်နက်ထဲ ရောက်လာသမျှကို တုံ့ပြန်သွားမယ်ဆိုတာကိုတော့ ထိုင်းအစိုးရက ပြတ်ပြတ်သားသားပြောထားပြီးသားဖြစ်တယ်"

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေပေါ် ထိုင်းနိုင်ငံအပါအဝင် ဘယ်သူမှ သဘောမကျဘူးဆိုတာ စစ်ကောင်စီကို ထိုင်းနိုင်ငံဘက်က အသိပေးပြောကြားထားတယ်လို့လည်း ပြောသွားပါတယ်။ မြန်မာဘက်က လေယာဉ်တွေ ထိုင်းလေကြောင်းပိုင်နက်ထဲဝင်ရောက်လာတာနဲ့ ၅ မိနစ်အတွင်း တုံ့ပြန်တိုက်ခိုက်ဖို့ ထိုင်းလေတပ်နဲ့ ကြည်းတပ်ကို ထိုင်းကာကွယ်ရေးဝန်ကြီး Suthin Klangsaeng က ကြာသပတေးနေ့ညမှာ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

မြဝတီမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က ဆုတ်ခွာသွားပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ဒီနေ့အထိ ဆက်လုပ်နေချိန်မှာ ထိုင်းနိုင်ငံဘက်က အခုလို တုံ့ပြန်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာကို ထိုင်းနိုင်ငံဘက်က မလိုလားကြောင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ထိုင်းအစိုးရက စစ်ကောင်စီကို တိုက်တွန်းသလို ဆွေးနွေးပွဲဖြစ်ဖို့ လိုအပ်ရင် ထိုင်းနိုင်ငံက ကြားဝင်ပေးမှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မြဝတီမြို့မှာ အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကုန်သွယ်ရေးထိခိုက်နေတာကို ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကုန်တွေသယ်ယူပို့ဆောင်နိုင်ဖို့ တခြားလမ်းတွေကို ပြောင်းလဲအသုံးပြုဖို့အတွက်လည်း မဲဆောက်မြို့က ကုန်သည်တွေနဲ့ ဒီနေ့တွေ့ဆုံစဉ် သူဆွေးနွေးပြောခဲ့တာကို ဝန်ကြီးက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံဘက်က ထိုင်းဘက် ထွက်ပြေးလာသူတွေရှိနေချိန်မှာ ဒေသခံထိုင်းတွေရဲ့ လိုအပ်ချက်တွေ၊ မြန်မာဘက်က ပြေးလာသူတွေလိုအပ်နိုင်တာတွေကိုလည်း ထိုင်းတာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

မြန်မာဘက်ကနေ ထိုင်းလည်းမဟုတ် မြန်မာလည်းမဟုတ်ဘဲ တခြားလူမျိုးတွေပါလာနိုင်တာကြောင့် ရာဇဝတ်မှုကင်း မကင်း စိစစ်နိုင်ဖို့လည်း နယ်စပ်လုံခြုံရေးတွေ ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က မဲဆောက်မြို့မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG