သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုံဒိုး-ကော့ကရိတ်လမ်းပေါ် တိုက်ပွဲ ပြင်းထန်နေ


မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ဆက်လက်ထိန်းထားနိုင်ဖို့ စစ်ကောင်စီဘက်ကလည်း တပ်မ ၅၅ လက်အောက်ခံ တပ်တွေဟာ လမ်းကြောင်း ၃ ကြောင်းကနေဖြန့်ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းအတိုင်း မြ၀တီကို လာခဲ့ရာမှာ လမ်းတလျှောက် ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မြ၀တီမြို့ကိုဆက်လက်ထိန်းထားနိုင်ဖို့အတွက် စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့တပ်မ ၅၅လက်အောက်ခံတပ်ရင်းတွေဟာ မြ၀တီမြို့ကိုလာဖို့အတွက် လမ်းကြောင်း ၃ ကြောင်းကနေ ဖြန့်ခွဲတက်လာနေပါတယ်။ တက်လာတဲ့စစ်ကြောင်းတွေကို လမ်းကနေ ဖြတ်ပြီး တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။

"တက်လာတဲ့စစ်ကူစစ်ကြောင်းတွေကိုပေါ့ သံချပ်ကာကား အစီး၂၀လောက်ပါတယ်၊ အခုက တပ်မ ၅၅က အင်အားဖြည့်ပြီးတက်လာတယ် ၊တက်လာတဲ့စစ်ကြောင်းကိုဂျိုင်းတံတားဘက်မှာကော ကျိုက်မရောဘက်မှာကော ထိုကော့ကိုးလမ်းကြောင်းဘက်မှာပေါ့ လမ်းကြောင်း ၃ခုကနေ့ဖြန့်ပြီး တက်လာတယ်။ မြ၀တီကို ဆက်ထိန်းဖို့အတွက်တော့တက်လာကြတယ်။ အဲဒီစစ်ကြောင်းတွေကို ကျနော်တို့KNLA/PDF တပ်တွေက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်၊ သူတို့ကရှေ့မတိုးနိုင်ဘူး ဂျိုင်းတံတားဘက်မှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်၊ ကျိုက်မရောဘက်ကိုလည်းဆက်တက်တယ် ။ ကြာအင်းဆိပ်ကြီးဘက်မှာလည်းတိုက်ပွဲဖြစ်နေတယ်၊ထိုကောကိုးလမ်းတပ်မဟာ(၇)ဘက်ကလမ်းတွေမှာလည်းတိုက်ပွဲဖြစ်နေတယ်။

အဲဒီဘက်ကဒေသခံတွေကတော့ စစ်ကောင်စီရဲ့သံချပ်ကာကားတွေလမ်းမှာပျက်နေတာတွေလည်းတွေ့ရကြောင်း ပူးပေါင်းတပ်ဖဲွ့တွေကလည်း လမ်းမှာဖြတ်တိုက်နေတယ်လို့လည်းပြောပါတယ်။

"လောလောဆည် ကျုံဒိုးဘက်ကိုသွားနေတယ် လောလောဆည်တိုက်ပွဲဖြစ်တာ ကျိုက်ထိုဘက်မှာတော့ကြုံလိုက်ရတယ်။ အခုက သူတို့ရဲစစ်တပ်ရဲ့ ယာဉ်တန်းတက်လာပြီဆို KNLA တို့ က လမ်းကနေ ပစ်နေတယ် တောထဲကအဖွဲ့ တွေလေ ပူးပေါင်းတပ်တွေကလေ"

အခုအခါမှာတော့ လမ်းတလျှောက်ဒေသခံကျေးရွာသားတွေကလည်း တိမ်းရှောင်နေကြပြီး ကော့ကရိတ်မြောက်ပိုင်း ရေလည်ကုန်းကျေးရွာ နေရာအနီးတ၀ိုက်ကို စစ်ကောင်စီကလေယာဉ်ဝဲပျံပြီးကင်းထောက်နေတယ်လို့ လို့ဆိုပါတယ်။ ကော့ကရိတ်မြို့ကတော့ မြို့ပျက်တခုလိုဖြစ်နေပြီး ဒေသခံတွေကပြီးခဲ့တဲ့လတွေကတည်းကထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

KNUနဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြ၀တီဘက်မှာတော့ ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား (၁)ကတော့ ပုံမှန်ဖွင့်ထားပြီး လူအဝင်အထွက်ရှိနေသလို မနေ့က ပိတ်ထားတဲ့ အမှတ်(၂) ချစ်ကြည်ရေးတံတားကတော့ယာယီပြန်ဖွင့်ပေးခဲ့ပြီး ဒီကနေ့မှာကုန်ကားတွေ ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ ခလရ ၂၇၅ က ဆုတ်ခွါသွာတဲ့စစ်ကောင်စီတပ်သားတွေကတော့ ချစ်ကြည်ရေးတံတား(၂)နားမှာနေထိုင်နေပြီး သူတို့ကိုတော့ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ချခိုင်းတာကလွဲရင် ဖိအားပေးတိုက်ခိုက်တာတွေကော့မရှိသေးပါဘူး။

မြ၀တီမြို့ကို KNUနဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အိမ်နီးချင်းထိုင်းနိုင်ငံ က ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara တို့ဟာ ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့မဲဆောက်မြို့ကိုရောက်ရှိလာခဲ့ပြီး အခြေအနေတွေကိုကြည့်ရူကာ နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့တွေဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG