သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး ဘက်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိ (ထိုင်းဝန်ကြီးချုပ်)


မြန်မာ့အရေး ထိုင်းအစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးကျင်းပ (ဧပြီ ၉၊ ၂၀၂၄)
မြန်မာ့အရေး ထိုင်းအစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးကျင်းပ (ဧပြီ ၉၊ ၂၀၂၄)

မြန်မာနိုင်ငံအခြေအနေဟာ ထိုင်းနိုင်ငံအတွက် အလွန် အရေးပါတဲ့ အနေအထားမှာ ရှိတာကြောင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းအစိုးရအနေနဲ့ ဘက်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြာင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးသွားမှာဖြစ်တဲ့အပြင် တချိန်တည်းမှာ နယ်စပ်ကုန်သွယ်ရေးကိစ္စအပါအဝင် ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်တဲ့ အနေအထားတွေအတွက် ပြင်ဆင်ထားဖို့လည်း ဝန်ကြီးချုပ် Thavisin က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

ဒီလို မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ရာမှာ လုပ်ငန်းတွင်ကျယ်အောင် ထိုင်းနိုင်ငံခြားရေးဌာနက ဦးဆောင်ပြီး လုပ်ငန်းကော်မတီဖွဲ့မှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ နိုင်ငံရေး၊ လူမှူရေးနဲ့ စီပွါးရေး ကဏ္ဍတွေ နိုင်ငံခြားရေးဌာနက အကောင် အထည်ဖေါ်ဆောင်ရွက်ရာမှာ ထိုင်းလုံခြုံရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံးကနေလည်း ဒီလုပ်ငန်းစဉ် ချောမွေ့အောင် ပူးပေါင်းဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပဋိပက္ခနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ဘယ်သူတွေပါဝင်မလဲ ဆိုတာအပါအဝင် တခြား ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေ ရှိကြောင်း မြန်မာနိုင်ငံပဋိပက္ခအရေးနဲ့ ပတ်သတ်ပြီး ကျင်းပတဲ့ ထိုင်း အစိုးရအရေးပေါ်အစည်းအဝေးအပြီးမှာ ရိုက်တာ သတင်းထောက်ရဲ့ အမေးကိုလည်း ခုလို ပြန်လည် ဖြေကြားသွားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီး ထိုင်းနိုင်ငံအနေနဲ့ ဘက်လိုက်မှုမရှိဘဲ ရပ်တည်သွားမှာဖြစ်ကြောင်း ဒီကနေ့မှာ ပြောလိုက်ပါတယ်။ စစ်မီးရှိန်မြင့်လာနေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ကျင်းပတဲ့ ထိုင်း အစိုးရဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးမတိုင်ခင်မှာ ဝန်ကြီး Parnpree က ငြိမ်းချမ်းရေးအတွက် ပဋိပက္ခမှာ ပါဝင်သူတွေ အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းသလို စစ်ဘေးရှောင် ၁ သိန်းလောက်ကို လက်ခံထားပေးဖို့ ပြင်ဆင်ထားကြောင်း ပြောကြားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG