သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အရေး အာဆီယံတုန့်ပြန်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးချထားစဉ် (ဧပြီ ၁၀၊ ၂၀၂၄)
မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးချထားစဉ် (ဧပြီ ၁၀၊ ၂၀၂၄)

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ကြာသပတေးနေ့က ကြေညာချိန်မှာပဲ “နယ်စပ်အနီးမှာ ပိုဆိုးလာတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ လက်ရှိ မြန်မာ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ လိုအပ်ကြောင်း” ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က ပြောလိုက်ပါတယ်။

ဘန်ကောက်မြို့တော်မှာ ကြာသပတေးနေ့က ကျင်းပတဲ့ ၅ ကြိမ်မြောက် ထိုင်းနဲ့ ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အခမ်းအနားမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ တွေ့ဆုံချိန် အဲဒီလို တောင်းဆိုခဲ့တယ်လို့ ထိုင်းနေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာအရေး အတွက် ငြိမ်းချမ်းပြီး အားလုံးလက်ခံတဲ့ နည်းလမ်းတွေနဲ့ အာဆီယံဘုံ သဘောတူညီအတိုင်း ဖြေရှင်းနိုင်ဖို့ အတွက် သဘောတူကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree ဟာ ပဋိပက္ခတွေ ဖြစ်နေတဲ့ နယ်စပ်နဲ့ အနီးဆုံးဖြစ်တဲ့ မဲဆောက်မြို့ကိုလည်း သွားဖို့ရှိနေပါတယ်။

နယ်စပ်တဖက် မြန်မာဘက်ခြမ်းက မြဝတီမှာတော့ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီရဲ့ လက်ကျန် မြို့စောင့်တပ်ဖြစ်တဲ့ ခြေလျင် တပ်ရင်း ခ-လ-ရ ၂၇၅ တပ်စခန်းကို KNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ကြာသပတေးနေ့က သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ကြာသပတေးနေ့မှာ မြဝတီက အဲဒီ တပ်စခန်းအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ခ-လ-ရ ၂၇၅ က စစ်ကောင်စီ တပ်သား ၂၀၀ လောက်ဟာ ထိုင်း-မြန်မာ နယ်စပ် တံတားဘက်ကို ဆုတ်ခွာထွက်ပြေးသွားပါတယ်။

မြန်မာစစ်သား ၂၀၀ လောက် ထိုင်းနိုင်ငံနယ်စပ်ကို ရောက်နေကြောင်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီက အေပီသတင်းကို အတည်ပြုထားပါတယ်။ KNU ရဲ့ သီးခြားထုတ်ပြန်ချက်ထဲမှာ အဲဒီစစ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံဖို့ ကြိုးပမ်းနေပြီး အမှတ် ၂ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရဲ့ မြန်မာဘက်ခြမ်းမှာ ပုန်းအောင်းနေကြောင်းပြောပါတယ်။ ထိုင်းနဲ့ ဒေသတွင်း မီဒီယာတွေက ဓာတ်ပုံတွေမှာတော့ တံတားဘေးမှာ ခိုအောင်းနေတဲ့ မြန်မာစစ်သားလို့ ယူဆရ သူတွေကို တွေ့မြင်ရပါတယ်။မြဝတီမြို့ဟာ အာဏာသိမ်း စစ်ကောင်စီ အတွက် အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းပိုင်းကို တိုက်ရိုက် အဝေးပြေး လမ်းမကြီးနဲ့ ဆက်သွယ်နေတာပါ။

မြဝတီ အခြေစိုက် ကရင်လက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တဦးရဲ့ အေပီ သတင်းကို အတည်ပြုချက်မှာတော့ ကရင်နယ်ခြားစောင့်တပ် အဖြစ်ကနေ ‘ကရင်အမျိုးသားတပ်မတော်’ အဖြစ် သီးခြား ပြောင်းလဲ ရပ်တည် လာတဲ့ အဖွဲ့က လက်ရှိမှာ KNU ပူးပေါင်း တော်လှန်ရေး အင်အားစုတွေနဲ့ မြန်မာစစ်တပ်ကြား စေ့စပ်ညှိနှိုင်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောပါတယ်။ ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေက အရင်က မြန်မာ စစ်တပ်နဲ့ ဆက်စပ်နေပေမယ့် အရင်လက စပြီး ‘ကရင်အမျိုးသား တပ်မတော်’ အမည်နဲ့ သီးခြားလွတ်လပ်စွာ ထူထောင်ထားကြောင်း ကြေညာထားတာပါ။

ဒေသခံတချို့ကတော့ ပဋိပက္ခတွေ မြင့်တက်လာနေလို့ ထိုင်းနိုင်ငံဘက်ကို ပြောင်းရွှေ့ဖို့ ကြိုးစားနေကြကြောင်း မြဝတီမြို့မှာ နေထိုင်သူတွေက ပြောပါတယ်။ ထိုင်းနယ်စပ် ဘေးလွတ်ရာကို ကြာသပတေးနေ့ (ဧပြီ ၁၁ ရက်) က ဖြတ်ကျော် ထွက်ပြေးလာသူတွေရဲ့ ရိုက်တာ သတင်းကို ပြောကြားချက်မှာတော့ တိုက်ပွဲတွေက “တကယ်ကို ကြောက်စရာကောင်းတယ်” လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကနေ အရပ်သားတွေ ထွက်ပြေးနိုင်ဖို့ ထိုင်းနိုင်ငံအတွင်းကို ဝင်ခွင့်ပြုပေးခဲ့ကြောင်း တတ်ခ် (Tak) ခရိုင်၊ မဲဆောက်မြို့နယ် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ရဲမှူးကြီး Borwornphop Soontornlekha က ရိုက်တာကို ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG