သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းမှာ ထိုင်းစက်မှုလုပ်ငန်းရှင်အသင်းစိုးရိမ်


မြဝတီမြို့နယ်စပ်ဂိတ်ကို တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့နယ်စပ်ဂိတ်ကို တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံဘက်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နောက်ထပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ထပ်ပြီး ကျဆင်းသွားမှာ စိုးရိမ်တဲ့အကြောင်း ထိုင်း စက်မှု လုပ်ငန်းရှင်ကြီးများအသင်း FTI က ပြောဆိုပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ နှစ်စဉ် ထိုင်းဘတ်ငွေ ဘီလျံ ၁၀၀ လောက်အထိ ရှိတဲ့အကြောင်း FTI ဥက္ကဋ္ဌ Kriengkrai Thiennukul က ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီမြို့ကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရပြီး KNLA /PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီးချိန်မှာ ကုန်ပစ္စည်း သယ်ယူရေး လမ်းကြောင်းတွေနဲ့ လုံခြုံရေးအခြေအနေ ပြောင်းလဲသွားနိုင်တာကြောင့် အခြေအနေ မရေရာမှုတွေလည်း ရှိနေပါတယ်။

မြဝတီဘက်က တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်း ကျဆင်းသွားတဲ့အကြောင်း ထိုင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အဓိက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထုတ်ကုန်တွေကို မှာယူတင်သွင်းတဲ့ ရောင်းတဲ့သူတွေရော၊ ဝယ်တဲ့သူတွေပါ ထိခိုက်နိုင်တဲ့အကြောင်း ထိုင်း စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းက ထောက်ပြပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ကုန်တွေ ပို့ဆောင်ရေး အခက်အခဲ ဖြစ်မယ်ဆိုရင် ရနောင်းလို တခြားဘက်က လမ်းတွေကို သုံးသွားမယ့်အကြောင်း တက်ခ်ခရိုင် ကုန်သည်ကြီးများ အသင်းကလည်း ပြောဆိုထားပါတယ်။

ထိုင်း စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကတော့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူတွေ အများအပြား ရှိလာနိုင်ပြီး နယ်စပ်ကျော် တရားမဝင် အလုပ်သမားတွေ များလာနိုင်တာကိုလည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီနဲ့ ထိုင်းအစိုးရအကြား သဘောတူထားတဲ့ နားလည်မှု စာချွှန်လွှာအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးထားပြီး တရားဝင်စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွေ့ပြောင်းအလုပ်သမား နှစ်သန်း ခြောက်သိန်းကျော်ထဲမှာ မြန်မာနိုင်ငံသားက အများစု ဖြစ်ပြီး တစ်သန်း ခြောက်သိန်း ရှိပါတယ်။ တရားမဝင်လာရောက် အလုပ်လုပ်သူတွေနဲ့ စာရင်းထဲမှာ မပါတဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။

Forum

XS
SM
MD
LG