သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မံစီမြို့အနီးက အရေးပါတဲ့ စစ်ကောင်စီစခန်း KIA နဲ့ ပူးပေါင်းတပ်တွေသိမ်း


ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ ဝင်ရောက်သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် မံစီမြို့နယ်က ဟန်ထက်စစ်တပ်စခန်း
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ ဝင်ရောက်သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် မံစီမြို့နယ်က ဟန်ထက်စစ်တပ်စခန်း

ကချင်ပြည်နယ် မံစီမြို့နယ်က ဆက်သွယ်ရေးအရ အရေးပါတဲ့ ဟန်ထက်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး ဒေသတွင်းက အရပ်သားပြည်သူတွေကတော့ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေကြရပါတယ်။ ဒီရက်ပိုင်းမှာတော့ အရင်ရက်တွေက ဝိုင်းပတ် ပိတ်ဆို့ထားခဲ့တဲ့ တရုတ်- မြန်မာနယ်စပ်က လွယ်ဂျယ်မြို့ကိုလည်း KIA က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

မံစီမြို့နယ်က ဟန်ထက်ကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဒီလ ၃ရက်၊ ဗုဒ္ဓဟူးနေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ မနေ့ ၄ရက်နေ့ည သန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့နောက် ဒီမနက်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ ဒီလို ဟန်ထက် စခန်းသိမ်းယူလိုက်တဲ့အခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ကြားသိရသလောက်ကတော့ ဟန်ထက်ကတော့ သူတို့ဘာသာသူတို့ ထွက်သွားတယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ အဲဒါကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေကတော့ ဒီမနက်ပေါ့နော်၊ ၈နာရီဝန်းကျင်လောက်မှာ အဲဒီ နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီးပြီဆိုတဲ့ သတင်းလောက်တော့ ကျနော်တို့ကြားပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အတည်ပြုနိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ဆက်ပြီးမှ စုံစမ်းနေဆဲ ဖြစ်ပါတယ်။”

ဟန်ထက်ရွာဟာ မန္တလေး-ဗန်းမော်လမ်းပေါ်မှာတည်ရှိပြီး ရွှေကူမြို့နဲ့ လမ်းဆုံနေရာမှာရှိသလို စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း စတဲ့ ဒေသတွေနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိတာကြောင့် စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ဗန်းမော်ကနေ မန္တလေးဆင်းတဲ့လမ်းပေါ့နော်။ အဲဒီက လုံခြုံရေးစခန်းတခုလည်း ဖြစ်ပြီးမှ လမ်းခွ၊ လမ်းဆုံပေါ့နော်။ အဲဒီနေရာလည်းဖြစ်တယ်။ ဒါကြောင့် စစ်ရေးနဲ့တော့ ဗျူဟာကျတဲ့ ၊ လုံခြုံရေးအတွက် အရေးကြီးတဲ့ နေရာတခုတော့ ဖြစ်ပါတယ်။”

ဒီလ ၄ရက်နေ့ကတော့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုံဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA က ထိန်းချုပ်လိုက်တဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“လွယ်ဂျယ်ကတော့ တပ်စခန်းတွေကတော့ သူတို့ တပ်ခြံထဲမှာ သူတို့ နေနေပါတယ်။ ဘာမှ ထူးထူးခြားခြားတော့ မရှိဘူး။ ရဲတွေကလည်း တပ်စခန်းဘက်ကို ပေါင်းပြီးမှ နေပါတယ်။ မြို့သိမ်းတာကတော့ အခုတော့ အုပ်ချုပ်မှု ယန္တရားတွေလည်း မရှိတော့ဘူးဆိုတော့ မူးယစ်ဆေးဝါး သမားတွေပေါ့နော်။ သူခိုး၊ ဓါးပြတွေကတော့ ရမ်းကားနေတာ။ အဲဒါကိုတော့ ကျနော်တို့ ဘက်ကနေ အတတ်နိုင်ဆုံးကတော့ ထိန်းထိန်း သိမ်းသိမ်းကတော့ လုပ်ပေးနေပါတယ်။ ကျနော်တို့လည်း အုပ်ချုပ်မှုယန္တရားကို ချပြီးမှ လည်ပတ်တဲ့အနေအထားတော့ မဟုတ်ပါဘူးနော်။”

ထူးခြားမှုအနေနဲ့ လွယ်ဂျယ်ရှိ စစ်ကောင်စီတပ်စခန်းဟာ မြို့အတွင်းမှာတည်ရှိတာနဲ့ လွယ်ဂျယ်မြို့ဟာ နယ်စပ်ဒေသဖြစ်တာကြောင့် တိုက်ပွဲမဖြစ်အောင် သတိထားဆောင်ရွက်နေကြောင်း လည်းပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ မံစီမြို့နယ်အတွင်းက ဟန်ထက်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပေမဲ့ စစ်ကောင်စီတပ်က မံစီမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေသလို လေကြောင်းကနေလည်း အနည်းဆုံး ၈ကြိမ်ခန့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း KNG ခေါ် ကချင်သတင်းဌာနက ဖော်ပြထားပါတယ်။ ဟန်ထက်ရွာက ပြည်သူတွေကတော့ မံစီမြို့နဲ့ အခြားဘေးလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူတွေကတော့ အဲဒီနားဝန်းကျင် အကုန်ရှောင်နေကြတယ်။ မံစီကို ရှောင်ကြတယ်။ နောက်ပြီးတော့ နည်းနည်းဝေးတဲ့ ကျေးရွာတွေ မံသာတို့၊ သစ်ဆုံးတို့၊ နန့်သဲတို့ အဲလိုပေါ့၊ ဝေးတဲ့နေရာလေးတွေ ရှောင်နေကြတယ်။”

ဟန်ထက်ရွာတိုက်ပွဲကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ မံမကောက်၊ ဂွေ့ကြီးနဲ့ မံဝိန်းစတဲ့ကျေးရွာက ပြည်သူတွေလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေပါတယ်။

မတ်လ ၇ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်အတွင်းမှာ မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၅၀ကျော်ခန့်ကို KIA က တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့တွေမှာပါ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး အဲဒီမြို့တွေက ဒေသခံအချို့ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းတာတွေလည်း ရှိနေပါတယ်။

Forum

XS
SM
MD
LG