သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းက တပ်စခန်းတွေ KIAဆက်တိုက်သိမ်းပိုက်


အင်ဘာပါနဲ့ မံစီအကြား ဂျန်မိုင်ရွာအနီး လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၁၊ ၂၀၂၄)
အင်ဘာပါနဲ့ မံစီအကြား ဂျန်မိုင်ရွာအနီး လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၁၊ ၂၀၂၄)

တရုတ်နဲ့ ကုန်သွယ်ရေး အရေးပါတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်- လွယ်ဂျယ်ကားလမ်းပေါ်က အဓိက တပ်စခန်းဖြစ်တဲ့ စိန်လုံတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းယူလိုက်ပါတယ်။ မိုးမောက်- လွယ်ဂျယ်လမ်းတကြောက စစ်ကောင်စီတပ်စခန်း ကြီး၊ ငယ်စုစုပေါင်းတဒါဇင်နီးပါးကို KIA သိမ်းယူလိုက်ပြီး ဗန်းမော်ခရိုင်အတွင်းက တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို ထိန်းချုပ်လိုက်သလို ဗန်းမော်မြို့ကိုပါ ဝိုင်းရံလာတဲ့အနေအထားကို ရောက်လာနေပါတယ်။ တရုတ်နယ်စပ်နဲ့ ဆက်သွယ်ထားတဲ့ မိုးမောက်- လွယ်ဂျယ်လမ်းက တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်က ပေးပို့လာတာကို ကိုစည်သူက ပြောပြမှာပါ။

မိုးမောက်- လွယ်ဂျယ်လမ်းက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ အရေးကြီး တပ်စခန်းတခုဖြစ်တဲ့ ယောယုံစခန်းကို သိမ်းယူခဲ့သလို ဒီကနေ့မနက်မှာတော့ နောက်ထပ် အရေးကြီး တပ်စခန်းဖြစ်တဲ့ စိန်လုံစခန်းကို ထပ်မံ သိမ်းယူလိုက်တာပါ။ စိန်လုံစခန်းသိမ်းယူလိုက်ပြီးနောက်မှာ မိုးမောက် - လွယ်ဂျယ်လမ်းမပေါ်က စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို သိမ်းယူလိုက်နိုင်ပြီဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့က မိုးချုပ်တဲ့ အချိန်ကတည်းကနေ ဝင်တိုက်တာဖြစ်ပါတယ်။ ဒီမနက် မိုးလင်းတဲ့ ၇နာရီ ၃၀ မိနစ်ပေါ့နော်။ အဲဒီအချိန်မှာ အပြီးအစီး ကျနော်တို့ သိမ်းပိုက်လို့ ရပါပြီ။ စိန်လုံကဘာပေါ့နော်။ စိန်လုံတပ်စခန်းပေါ့။ အားလုံးကတော့ လွယ်ဂျယ်နဲ့ မိုးမောက်ကြားက စခန်းတွေ အကြီး၊ အငယ်၊ ကာကင်းတွေ အားလုံးပေါင်းလို့ ရှိရင်တော့ ၁၃ခုလောက်ရှိပါပြီခင်ဗျ။ လောလောဆည်ကတော့ ဟုတ်ပါတယ်။ စကစ ကင်းစင်သွားတာ ဖြစ်ပါတယ်။”

စိန်လုံစခန်းသိမ်းတိုက်ပွဲမှာ လက်နက်အများအပြားသိမ်းယူရရှိကြောင်းနဲ့ နှစ်ဘက် အထိအခိုက်များပြားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ၂၈ရက်နေ့က ယောယုံတပ်စခန်းကို သိမ်းယူပြီးနောက် လွယ်ဂျယ်မြို့ကို ဝိုင်းပတ် ပိတ်ဆို့ထားကြောင်း၊ လွယ်ဂျယ်အခြေစိုက် တပ်စခန်းကို ထွက်ခွာဖို့ ညှိနှိုင်းနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုတာမျိုး မရှိပါဘူး။

“ လွယ်ဂျယ်ကတော့ နဂိုရ် အတိုင်းပဲ ရှိပါတယ်။ တိုက်ပွဲလည်း မရှိဘူး။ စကစတွေလည်း နဂိုရ်အတိုင်းပဲ ရှိပါတယ်။ အခုလောလောဆည်ပေါ့လေနော။ အဲလိုပါပဲ။ ”

မိုးမောက်ဒေသခံတွေကတော့ လွယ်ဂျယ်မြို့ခံအချို့ဟာ တိုက်ပွဲဖြစ်ပွားလာမှာကြောင့် KIA ထိန်းချုပ်ရာ မိုင်ဂျာယန်နဲ့ မံစီ - လွယ်ဂျယ် လမ်းပေါ်က အင်ဘာပါရွာဘက်တွေကို တိမ်းရှောင်လာတာရှိကြောင်း ပြောပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာတော့ အင်ဘာပါနဲ့ မံစီအကြားရှိ ဂျန်မိုင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား အချို့ သေဆုံးတာရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့ညပေါ့နော်။ ဒီမနက် အစောကြီးလို့ ပြောရမှာပေါ့။ ၁နာရီ ဝန်းကျင်အချိန်မှာ ဂျမိုင်ဆိုတဲ့ရွာမှာ စကစကနေ လေယာဉ်နဲ့ ဗုံးကြဲတာ။ အဲဒီနေရာကတော့ ကားသမားတွေ၊ ခရီးသည်တွေ ခန နားနေတဲ့ ခရီးတထောက်နေရာဖြစ်ပါတယ်။ ဆိုတော့ ကားတွေလည်း နားပြီးမှ အိပ်ကြတာပေါ့နော်။ ဆိုတော့ သူတို့ ဗုံးကြဲလို့ ကားလည်း တော်တော်များများလည်း ပျက်ဆီးသွားတယ်။နောက် ကားသမားတွေလည်း ၅ယောက်ကတော့ သေသွားတယ်တဲ့။ ၃ယောက်ကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန်ရတယ်လို့ ပြောကြတယ်။ ”

ဒေသတွင်းသတင်းမီဒီယာအချို့က ဒီယာဉ်တန်းတွေဟာ လွယ်ဂျယ်စစ်ကောင်စီတပ်က တိမ်းရှောင်လာသူတွေ ဖြစ်ကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ အဲဒီလို သတင်းမရကြောင်း ပြောပါတယ်။ ဒီလ ၂၆ရက်နေ့က မိုးမောက်မြို့ မြောက်ဘက်က မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို KIA က သိမ်းယူခဲ့သလို ဒီကနေ့မှတော့ မိုးမောက်မြို့အရှေ့ဘက် မိုးမောက်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းအားလုံးကို KIA က သိမ်းယူလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မံစီမြို့နယ်အရှေ့ပိုင်းက စစ်ကောင်စီတပ်စခန်းအချို့ စွန့်ခွာတာတွေရှိသလို KIA က သိမ်းယူလိုက်တာတွေ ရှိခဲ့ပြီး မံစီမြို့တောင်ဘက်က စီခမ်းကြီးတပ်စခန်းကိုလည်း KIA က ဖေဖော်ဝါရီလ အတွင်းမှာ သိမ်းယူခဲ့တာကြောင့် မံစီ၊ မိုးမောက်နဲ့ ဗန်းမော်မြို့ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
လက်ရှိ ဗန်းမော်မြို့အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ မံစီဘက်က ယေဘူယျအားဖြင့်ကတော့ KIA တွေက ထိန်းချုပ်ထားပြီပေါ့နော်။ နောက် မိုးမောက်ကနေ အခု လွယ်ဂျယ်လည်း အတော်များများ ထိန်းချုပ်သွားပြီးတော့ မိုးမောက်ဘက်က တပ်တွေ အကုန်လုံးလိုလို KIA က သိမ်းလိုက်ပြီပေါ့နော်။ အခု ဗန်းမော်မြို့ကိုတော့ ဝိုင်းထားတဲ့အနေအထားမှာ ရှိတာပေါ့။ ဗန်းမော်မြို့ကလည်း မြို့ပေါ်က နည်းနည်းပိုက်ဆံရှိတဲ့သူတွေလည်း ပစ္စည်းတွေ ဘာတွေ ရွှေ့ကြ ပြုကြဆိုတော့ ဗန်းမော်မြို့ကလည်း ကျီးလန့်စာစားဖြစ်နေတာပေါ့။ မြို့ထဲက လူတွေက။”

KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၇ရက်နေ့က စတင်ပြီး လိုင်ဇာအနီးရှိ မြစ်ကြီးနား -ဗန်းမော်လမ်း တကြောက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ခဲ့ရာမှာ လောလောဆည် လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းတွေ အပါအဝင် စခန်းကြီး၊ ငယ်စုစုပေါင်း ၄၀ကျော်ကို သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG