သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဗုံးထိမှန်ပြီး မဘိမ်းမှာ ၇ ဦး သေဆုံး


စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်က မိုးလုံးရွာကို စစ်ကောင်စီက အင်္ဂါနေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတပါး ပျံလွန်ပြီး လူ ၆ဦး သေဆုံးခဲ့သလို ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ ဒီမနက်မှာလည်း မိုးလုံးရွာ မြောက်ဘက် ရွှေတုံးရွာကို တိုက်လေယာဉ်နဲ့ ပစ်ခတ်တာတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ကချင်လွတ်လပ်ရေးတပ် KIA က မိုးမောက်-လွယ်ဂျယ် ကားလမ်းက တပ်စခန်း ၂ခုကို ထပ်မံ သိမ်းယူလိုက်သလို လွယ်ဂျယ်မြို့ကိုလည်း ထိန်းချုပ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်၊ မံစီမြို့နယ်ဘက်တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်မှာပဲ နယ်မြေချင်း ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က မဘိမ်းမြို့နယ် မိုးလုံးကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ကြောင်း ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ မိုးလုံးရွာက မနေ့က ၆ နာရီကျော်ကျော်ကဗျ။ ရောက်ပစ်ဆိုတော့ သံဃာတပါး ပျံလွန်တော်မူတယ်။ နောက် အရပ်သားပြည်သူ ၆ ဦး သေဆုံးတယ်။ ကျန်တဲ့ ဒဏ်ရာရကတော့ ၁၀ယောက်လောက်ရှိတာပေါ့။ ၅ ဦးကတော့ တော်တော် ဒဏ်ရာ ပြင်းထန်တယ်။ မနေ့က သူတို့ ရောက်ပစ်ပေါ့။ ဘုန်းကြီးကျောင်းပျက်ဆီးတယ်။ နောက်ကျနော်တို့ ဘုန်းကြီးကျောင်းရှေ့က ဈေးတန်းပေါ့။ ဈေးဆိုင်တန်းတွေက လူတောက်လျှောက် နေတာဆိုတော့ အတွဲလိုက်ကြီး ဆောက်ထားတာလေ။ မီးလောင်ဗုံးနဲ့ဆိုတော့ အဲဒီမှာ မီးလောင်တယ်။ အားလုံး နေအိမ်၁၀လုံး မီးလောင်ပျက်စီးတယ်။ ”

ဒီကနေ့ မနက်ပိုင်းမှာ မိုးလုံးရွာရဲ့ မြောက်ဘက်က ရွှေတုံးရွာမှာလည်း လေကြောင်းတိုက်ခိုက်တာရှိကြောင်း နဲ့ ငါးအိုးရွာက ခလရ ၁၂၁ တပ်စခန်းကို ရဟတ်ယာဉ်နဲ့ ထောက်ပံရေး ပစ္စည်းတွေ ပို့ဆောင်နေကြောင်း ဆက်ပြောပါတယ်။

“ ရွှေတုံးက ရွှေတုံးရွာရဲ့ ကမ်းနားပေါ့။ ရွှေလီမြစ်ဘေးပေါ့။ အဲဒီကိုက ဂျက်ဖိုက်တာနဲ့ မနက်က လာပစ်သွားတယ်။ မနက် ၈နာရီခန့်ပေါ့။အဲဒါတော့ အပျက်အစီးမရှိဘူး။ ဆိုင်ကယ်တစီးပျက်ဆီးတယ်။ ဒီနေ့ တော့ တနေကုန်ပါပဲ ။ ငါးအိုး ၁၂၁ တပ်ထဲကို ပုဇဉ်းနဲ့ ပစ္စည်းတွေ ချပေါ့။ ၁၂၁ထဲက ဘောလုံးကွင်းထဲကို ခေါက်တုံ့ ခေါက်ပြန် သူတို့ ချနေကြတယ်။ ”

ငါးအိုးမှာ စစ်လက်နက်၊ ရိက္ခာ ဖြည့်တင်းဖို့အတွက် မိုးလုံးရွာနဲ့ ရွှေတုံးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက တိုက်ခိုက်တာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

မဘိမ်းမြို့နယ်ဟာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်၊ မံစီမြို့နယ်တွေနဲ့ ဆက်စပ်နေသလို တဘက်မှာတော့ စစ်ကိုင်းတိုင်းက စစ်ရေး တင်းမာနေတဲ့ ထီးချိုင့်၊ ကသာစတဲ့ မြို့နယ်တွေနဲ့ ဆက်စပ်နေတာ ပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက မဘိမ်းမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့သလို ကချင်၊စစ်ကိုင်း၊ ရှမ်း ဒေသအစပ် မဘိမ်းမြို့နယ် ငါးအိုးရွာက ခလရ ၁၂၁ကို လည်း ပြီးခဲ့တဲ့လက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

မဘိမ်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေချိန်မှာပဲ မနေ့ကနဲ့ ဒီကနေ့မှာတော့ မိုးမောက်- လွယ်ဂျယ်လမ်းက စစ်ကောင်စီရဲ့ တပ်စခန်း ၂ခုကို KIA က ထပ်မံ သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့ကတော့ မိုးမောက်ကနဲ့ ၃- ၄မိုင်လောက် ကွာမယ်ထင်တယ်။ ကျနော် ကောင်းကောင်းတော့ မမှတ်မိဘူး။ ဟို ကျောက်စခန်းဆိုတဲ့နေရာ၊ စုပေါင်းဂိတ် အဲဒါ မနေ့က ၉နာရီလား မသိဘူး။ အဲဒါ တခု သိမ်းတယ်။ အဲဒါ ရှိပါတယ်။ ဒီမနက်ကတော့ အဲဒီဘက်မှာပဲ ကျနော်တို့ ကချင်အခေါ်နဲ့တော့ မိုင်ဆပ်ဘွမ်ဆိုတဲ့ နေရာတခုကို ပြန်သိမ်းတာ အဲဒါရှိပါတယ်။ အဲဒီဘက်မှာ ၂ခု။ ”

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံရှိရာ လွယ်ဂျယ်မြို့ဘက်က အခြေအနေကိုလည်း ဗိုလ်မှုးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ လွယ်ဂျယ်ကတော့ ဘာမှ ထူးခြားတာကတော့ မကြားသိရဘူး။ ဟို ရဲစခန်းတွေကတော့ ရဲစခန်းကနေ တပ်ထဲကို ပေါင်းနေတယ်ဆိုတဲ့ သတင်းကတော့ ကြားသိရပါတယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့တွေလည်း သူတို့ရဲ့ ရဲစခန်းတွေကို သွားဝင်ကြည့်တဲ့ အနေအထားတွေပေါ့နော်။ အဲဒါကို ကြားသိရပါတယ်။ ဒါပေမဲ့ ရဲစခန်းမှာ ကျနော်တို့ ပြန်ထိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး။ သွားကြည့်တဲ့ အနေအထားလောက်ပဲ ကျနော်တို့ ကြားသိရပါတယ်။ ထိန်းချုပ်ထားတယ်ဆိုတာကတော့ ကျနော်တို့ အတိအကျတော့မကြားဘူး။ ဒါပေမဲ့ စစ်တပ်တွေကတော့ သူတို့ တပ်ထဲမှာပဲ နေပြီးမှ မြို့ထဲမှာတော့ နဂိုအတိုင်း လှုပ်ရှားနေတဲ့ သတင်းကတော့ ကြားပါတယ်။ ”

လက်ရှိ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် လွယ်ဂျယ်မြို့ခံအချို့ဟာ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်ကို တိမ်းရှောင်တာတွေရှိသလို မံစီမြို့နယ်က အင်ဘာပါဘက် တိမ်းရှောင်တာတွေရှိနေပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မံစီမြို့နယ် ကျော်ခေါင်ကျေးရွာအနီးက လုံဂျာတောင်ဘက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ရှိတာကြောင့် မံစီမြို့မှာ အထိတ်တလန့်ဖြစ်ခဲ့သလို ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
KIA မတ်လ ၇ရက်နေ့က စတင်လိုက်တဲ့ လိုင်ဇာဒေသ တိုက်ပွဲတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒီရက်ပိုင်းမှာတော့ မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့တွေကိုပါ စစ်ရေးအရ ခြိမ်းခြောက်လာတဲ့ အခြေအနေ ရှိလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG