သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အပေါ် သုံးသပ်ချက်


စစ်ရေးလေ့ကျင့်မှုတခုမှာ တွေ့ရတဲ့ တရုတ်စစ်သားတဦး (ဒီဇင်ဘာ ၃၊ ၂၀၁၉)
စစ်ရေးလေ့ကျင့်မှုတခုမှာ တွေ့ရတဲ့ တရုတ်စစ်သားတဦး (ဒီဇင်ဘာ ၃၊ ၂၀၁၉)

စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နဲ့ကပ်လျက် နှစ်နိုင်ငံနယ်စပ်အနီးမှာ နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု စတင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ နှစ်စဉ်ပုံမှန်လေ့ကျင့်မှု ဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပေမဲ့ မြန်မာဘက်က စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နယ်စပ်လုံခြုံရေးကို အထူးစိုးရိမ်နေတယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။ ဒီအကြောင်း သုံးသပ်ချက်နဲ့ပတ်သက်ပြီး သတင်းပေးပို့ထားတာကို ကိုအောင်အောင် က တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ်၊ တယ်ဟုန်ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဒေသ၊ လုံချွမ်ခရိုင်ထဲမှာ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က ဒီနေ့ ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ အဓိကတော့ နှစ်နိုင်ငံနယ်စပ်နားမှာ ဖြစ်နေတဲ့ မြန်မာဘက်က စစ်ရေးပဋိပက္ခတွေကို တရုတ်အစိုးရက စိုးရိမ်နေပြီး နယ်စပ်လုံခြုံရေးကြောင့် အခုလို စစ်ရေးလေ့ကျင့်တာ ဖြစ်နိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်စစ်တပ်ဟာ ၂၀၁၅ နောက်ပိုင်း ကိုးကန့်စစ်ပွဲအပြီး တရုတ်ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်မှု လုပ်လာတာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

" ၂၀၁၅ ကိုးကန့်စစ်ပွဲ ဒုတိယအကြိမ် စဖြစ်ကတည်းက စစ်တပ်က ဗုံးကြဲတဲ့အခါမှာ အဲဒီနယ်ကိုကျော်ပြီးတော့ တရုတ်ပြည်ဘက် ကျတယ်ဗျ၊ ၂ယောက်လောက်လား ၃ယောက်လောက်လားမသိ တရုတ်ပြည်သားတွေသေတယ်။ အဲဒါနဲ့ တရုတ်ပြည်သားတွေက တော်တော်စိတ်ဆိုးတယ် သူတို့အစိုးရကို။ အဲဒါကြောင့်မို့ သူ့ပြည်တွင်းလိုအပ်မှုအရ အဲကတည်းက တော်တော်ပြတ်ပြတ်သားသား ပြောထားတယ် တကယ်လို့ နယ်စပ်မှာ ပဋိပက္ခတွေဖြစ်လို့ သူတို့နယ်ထဲကို ကျည်ဆံတွေ၊ အမြောက်ဆံတွေဘာတွေ အဲလိုကျော်ကျလာရင် ဘယ်သူကြောင့်ပဲဖြစ်ဖြစ် သူတို့သည်းမခံဘူးလို့ ပြောထားတယ်။ အခုလည်းဒီလိုပဲ နယ်စပ်မှာ ရုတ်ရုတ်ဖြစ်ရင် သူတို့က နယ်စပ်ကာကွယ်ရေးအတွက် လုပ်ရတာ။ သူ့နိုင်ငံ လုံခြုံရေးအတွက်ပေါ့ဗျာ။"

ယူနန်ပြည်နယ်၊ တယ်ဟုန်ရှမ်းနှင့် ဂျိန်းဖောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဒေသဟာ စစ်မက်ဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်က လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုး စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။ အခုစစ်ရေးလေ့ကျင့်တဲ့ နေရာကတော့ ကချင်ပြည်နယ် လွယ်ဂျယ်မြို့ရဲ့ တဖက်ကမ်းမှာ ဖြစ်ပါတယ်။ ဒီ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းမှုတွေ ဒီနေ့ လုပ်ဆောင်ခဲ့တယ်လို့ ကချင်သတင်းတွေမှာ ရေးသားဖေါ်ပြပါတယ်။ လွယ်ဂျယ်မြို့အပါအဝင် ဗန်းမော်ခရိုင်ထဲက နေရာတချို့ကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲနေကြောင်း ဒေသခံတချို့ကပြောပါတယ်။ ဗန်းမော်ခရိုင်၊ မံစီမြို့ထဲက ကျေးရွာတခုကို မနေ့က ဗုံးကြဲခဲ့တာမှာ အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ကြောင်း လူမှုကူညီရေး အသင်းတခုက ပြောပါတယ်။

" ကျနော်တို့ဒီမှာ မနေ့ကတော့ dead body နှစ်ဦးကတော့ ဗန်းမော်ဘက်ကို ပို့လိုက်တာတော့ရှိတယ်၊ ကျနော်တို့ အသင်းကနေ။ လေယာဉ်ဗုံးကြဲတာ ကန်ပိုင်ရွာ။"

စစ်ရေးလေ့ကျင့်မှုတွေကို ဧပြီလ ၂ ရက်၊ မနက် ၈ နာရီကနေ ဧပြီလ ၃ ရက်၊ ညနေ ၆ နာရီအတွင်း လုပ်သွားမယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မနှစ်က နိုဝင်ဘာလတုန်းကလည်း ဒီဒေသအနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတချို့ကို တရုတ်စစ်တပ်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က တနင်္လာနေ့ကလည်း တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် Mr Deng Xijun နဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်ရေးအတွက် အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG