သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်က တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တောင်းဆို 


မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)
မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းကြဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။​

ဒီတိုက်ပွဲတွေမှာ ပါဝင် ပတ်သက်နေသူအားလုံးအနေနဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး အကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ နိုင်ငံတကာ စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ တင်းမာမှုတွေ လျော့ကျရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးချပြီး အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိအောင် ကာကွယ် စောင့်ရှောက်ပေးကြဖို့ကိုလည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။​

လက်ရှိအချိန်မှာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်ရနိုင်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ စစ်ကူတွေစေလွှတ်ပြီး အနီးနားက မြို့တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် မကြာခင်ရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတလျှောက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာမယ့် အလားအလာတွေ ဖြစ်ပေါ်နေချိန်မှာဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထွက်ပေါ်လာတာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကလည်း လက်ရှိ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းထားကြပါတယ်။​

Forum

XS
SM
MD
LG