သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ စစ်ကောင်စီ လက်လွှတ်ရတဲ့အပေါ် ထိုင်းပညာရှင်အမြင်


မြဝတီမြို့လမ်းမပေါ်မှာတွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)
မြဝတီမြို့လမ်းမပေါ်မှာတွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)

ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကို လက်လွှတ်လိုက်ရတာဟာ မြန်မာစစ်ကောင်စီ အတွက်တော့ စစ်ရေးအရရော စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ထိုင်းပညာရှင်တဦးက ထောက်ပြပါတယ်။ မြန်မာစစ်ကောင်စီဟာ အခုချိန်မှာ အင်အားအချိနဲ့ဆုံး အခြေအနေကို ရောက်နေတာလို့လည်း Thamasat တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက လက်ထောက် ပါမောက္ခ Dulyapak Preecharush က သုံးသပ် ပြောဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ထိုင်း−မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေနဲ့ ပြည်သူ့ ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သိမ်းယူခဲ့ကြပြီးတဲ့နောက် မြန်မာစစ်ကောင်စီ တပ်တွေ ဘက်ကလည်း မြဝတီကို ပြန်လည် သိမ်းယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ မြဝတီကို တပ်ကူတွေ လွှတ်ပြီး ပြန်လည် တိုက်ခိုက်နေသလို၊ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ကြားဖြတ် ဟန့်တား တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေလည်း ဆက်ရှိနေပါတယ်။

နယ်စပ် ကုန်သွယ်ရေး အချက်အချာကျတဲ့ မြဝတီမြို့ကို လက်လွှတ်ရတာဟာ စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ထိုင်းနိုင်ငံ Thamasat တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက လက်ထောက် ပါမောက္ခ Dulyapak Preecharush က သုံးသပ်ပါတယ်။

“မြန်မာစစ်တပ်အတွက်တော့ မြဝတီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးဟာ စီးပွားရေးအရ အရေးပါတဲ့ အသက်သွေးကြော တခု ပြန်ရဖို့ ကြိုးစားရသလိုပါပဲ။ တကယ်လို့ အတိုက်အခံတွေ၊ KNU တပ်ဖွဲ့တွေကပဲ ဒီမြို့ကို ဆက်ထိန်းချုပ်ခွင့် ရမယ်ဆိုရင် ရန်ကုန်နဲ့ မော်လမြိုင် လို မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေရဲ့ စီးပွား ရေးကိုပါ တဖြည်းဖြည်း ထိခိုက်လာနိုင်ပြီး ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။”

၂၀၂၁ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ပိုမို အားကောင်းလာခဲ့တာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်နဲ့ ဒီနှစ် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြို့သိမ်း နယ်သိမ်း တိုက်ပွဲတွေလည်း ပိုပြီး စိပ်လာခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ အိန္ဒိယနယ်စပ်နဲ့ တရုတ်နယ်စပ်ဒေသတွေက ကုန်သွယ်ရေးနဲ့ စီးပွားရေး အချက်အချာ နယ်မြေတွေကို လက်လွှတ်လာခဲ့ရသလို၊ အခုနောက်ဆုံး ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေး အချက်အချာကျတဲ့ မြဝတီမြို့ကိုပါ စစ်ကောင်စီ လက်လွှတ် ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ အောက်မှာ စစ်ကောင်စီ အနေနဲ့ သူ့တပ်ဖွဲ့တွေကို အခိုင်အမာ စုစည်းထားနိုင်ဖို့ဆိုတာ ခက်ခဲလာတယ်လို့ ပါမောက္ခ Dulyapak Preecharush က ထောက်ပြပါတယ်။

“အခုဖြစ်ရပ်က မြန်မာစစ်တပ် စုစည်းမှုအား နည်းလာတာကို ထင်ဟပ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်သားတွေရဲ့ စိတ်ဓါတ်နဲ့ ကြံ့ခိုင်မှုအား ကျလာတာကို ပြနေတာပါ။ လွန်ခဲ့တဲ့ ၃ နှစ် စစ်တပ် အာဏာသိမ်းမှုကြောင့် တပ်ဖွဲ့တွေကြား ပိုပြီး အားနည်းလာတာ၊ ပင်ပန်းလာတာတွေ ရှိသလို စစ်မြေပြင်မှာ အရှုံးတွေ အထပ်ထပ် ကြုံရတဲ့အခါ သူတို့ ပိုပြီး စိတ်ဓါတ်ကျလာစေပါတယ်။ ဒါကြောင့် သူတို့ရဲ့အသက်၊ သူတို့ မိသားစုတွေရဲ့ အသက်တွေ ကာကွယ်ဖို့ လက်နက်ချတာက ပိုပြီး သင့်လျော်တဲ့ ရွေးချယ်မှု ဖြစ်လာပါတယ်။”

၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ဒီလို ဘက်ပြောင်း အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေ မနည်းတော့ပါဘူး။ တချို့နေရာတွေမှာ တပ်ဖွဲ့လိုက် မိသားစုတွေပါမကျန် စစ်တပ်ထဲကနေ စွန့်ခွာ ထွက်ပြေးနေကြတာပါ။ တနေ့တခြား ထိခိုက် ဆုံးရှုံးမှုတွေ များလာနေတဲ့ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှနဲ့မတူအောင် အင်အား အချိနဲ့ဆုံး အချိန်ကို ရောက်နေတယ်လို့ ပါမောက္ခ Dulyapak Preecharush က သုံးသပ် ပြောဆိုပါတယ်။

"မြန်မာစစ်ကောင်စီ ကျဆုံးခန်း တဖြည်းဖြည်း ရောက်လာနေပါပြီ။ တောတောင်ထူထပ်တဲ့ နယ်စပ်ဒေသတလျှောက်က စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းယူထားပြီး စစ်ကောင်စီကို ဝန်းရံ ပိတ်ဆို့ထားတာပါ။ ဒီအခြေအနေက စစ်ရေးလှုပ်ရှားမှု အားလုံးကို ထိန်းချုပ်ထားတဲ့ နေပြည်တော် ဗဟိုဌာနချုပ်အတွက် အကျပ်အတည်း ဖြစ်စေပါတယ်။”

လတ်တလော မြဝတီမြို့မှာတော့ စစ်ကောင်စီ တပ်စခန်းတွေကို KNU နဲ့တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်လက် သိမ်းယူထားဆဲ ဖြစ်ပြီး KNA ခေါ် ယခင် BGF ကရင်နယ်ခြားစောင့်တပ်တွေက မြို့တွင်း လုံခြုံရေး ယူထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေ အားလုံး မြဝတီမြို့ကနေ ဆုတ်ခွာခဲ့ပြီးတဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ အကြောင်း KNU ဗဟိုဌာနချုပ်က ဧပြီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG