သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ KNU တပ်ဖွဲ့တွေမျှော်လင့်


ကရင်အမျိုးသားအလံတော်လွှင့်ထူနေစဉ် (ဧပြီ ၁၅၊ ၂၀၂၄)
ကရင်အမျိုးသားအလံတော်လွှင့်ထူနေစဉ် (ဧပြီ ၁၅၊ ၂၀၂၄)

ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို ဧပြီလကုန်လောက်မှာ အပြီးသတ် သိမ်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ကရင် လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ က ဗိုလ်မှုးကြီး နာဒါထူး ရဲ့ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ စစ်ကောင်စီ ဘက်က မြဝတီကို ပြန်ရဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တော့တဲ့အကြောင်း၊ ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ စစ်ဘက်ဆိုင်ရာ KNLA တပ်တွေ အခိုင်အမာ ခြေကုတ်ယူပြီးတဲ့အချိန်၊ အုပ်ချုပ်ရေးကိစ္စတွေအတွက် နိုင်ငံရေးအရ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကို လွှဲပြောင်းပေးမှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားတာပါ။

အခုအထိ မြန်မာစစ်တပ် မြဝတီမြို့ခံ ခလရ ၂၇၅ က စစ်သား ၁၀၀ ကျော် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၂ နားမှာရှိနေပြီး သူတို့ကို လက်နက်ချဖို့ KNLA ဘက်က တိုက်တွန်းနေပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကတော့ မြန်မာစစ်သားတွေ လက်နက်တွေစွန့်ပြီး အညံ့ခံမယ်ဆိုရင် ထိုင်းဘက်မှာ ခိုလှုံနိုင်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။

KNU နဲ့ ထိုင်းဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ မြဝတီမြို့ကို BGF ခေါ် KNA နယ်ခြားစောင့်တက်ကလည်းထိမ်းချုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မြ၀တီမြို့ အုပ်ချုပ်ရေးကို KNU က တာဝန်ယူ ကိုင်တွယ်မလား၊ တခြားလက်နက်ကိုင်တွေနဲ့ ဘယ်လိုညှိနှိုင်းထားသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ မြဝတီမြို့မှာ ထိုင်းနိုင်ငံနဲ့ နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတာကြောင့် ဒီမြို့ကို အပြီးသတ် စွန့်ခွာရမယ်ဆိုရင် စစ်ကောင်စီအတွက် နောက်ထပ် တခြား ကုန်သွယ်ရေး အချက်အချာကျတဲ့နေရာတွေမှာ လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ အခြေအနေ ရောက်သွားနိုင်တယ်ဆိုပြီး လေ့လာသူတွေ သုံးသပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG