သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ မြဝတီရရေး ကြိုးပမ်း၊ စစ်ကူလွှတ် လေကြောင်းတိုက်ခိုက်


မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ မြဝတီမြို့ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းစေလွှတ်နေတဲ့အပြင် ကော့ကရိတ်မြို့မှာလည်း လေကြောင်းက တိုက်ခိုက်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက ကျုံဒိုး၊ ကော့ကရိတ်ကနေ မြ၀တီအထိ အင်အားအလုံးအရင်း တက်လာနေပြီး လေကြောင်းပစ်ကူတွေအပြင် လက်နက်ကြီးတွေကိုပါသုံးပြီး ပစ်ခတ်နေပါတယ်။

လမ်းတလျောက်မှာလည်း ပူးပေါင်းတပ်တွေဘက်က ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကော၊ နှစ်ဖက်တိုက်ပွဲတွေကော အပြင်းအထန်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မြ၀တီကိုပြန်သိမ်းဖို့အတွက် အောင်ဇေယျစစ်ကြောင်းလို့ နာမည်ပေးထားတာပေါ့နော်။ တပ်မ ၅၅ က ထိုးစစ်ဆင်ဖို့ တက်လာတာ။ ကော့ကရိတ်ကိုတော့ ကျော်လာပြီ။ ကော့နွဲ့ရွာအ၀မှာရယ်၊ ဒေါနတောင်ခြေမှာရယ် စခန်းချထားတယ်။ သူတို့ ဒီဘက်ဆက်တက်လို့မရဘူး။ ကျနော်တို့ဘက်က ကြားဖြတ်တိုက်တော့ သူတို့ကလည်း ထိခိုက်တာရှိတယ်။ ဒီနေ့ဆိုရင် ကျနော်တို့က သူတို့ အရာရှိတွေ အစည်းဝေး လုပ်တဲ့နေရာကို ကျနော်တို့က ဒရုန်းနဲ့တိုက်တယ်။ သူတို့ဘက် အရာရှိတွေတချို့နဲ့ အတော်များများ ထိခိုက် သေဆုံးတယ်လို့ သိရတယ်။ လေယာဉ်တွေနဲ့ ကင်းထောက်တယ်။ ကျနော်တို့ကို လေကြောင်းကနေ ဗုံးကြဲတယ်၊ နေ့တိုင်းပဲ။ မြ၀တီကိုတော့ ဘယ်လိုနည်းနဲ့မှ မရောက်နိင်သေးဘူး။ သူတို့ သင်္ဃန်းညီနောင်ရောက်ပြီးမှ မြ၀တီကို ရောက်မှာဖြစ်တယ်။”

ဧပြီ ၁၁ ရက်နေ့ကတော့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဧပြီလ ၁၂ ရက်နေ့မှာ မြဝတီမြို့ဘက်ကို စစ်ကူသွားဖို့အတွက် တင့်ကားတွေနဲ့အတူ စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ကော့ကရိတ်မြို့ကို ဝင်ရောက်လာတာဖြစ်ပြီး လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒေသခံတွေကိုလည်း ပေါတာဆွဲတာတွေ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြ၀တီမြို့ကို တပတ်ကျော်ကြာတဲ့အထိ ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်နိုင်တာ မရှိသေးပါဘူး။ မြ၀တီကိုထိန်းချုပ်ခဲ့တဲ့ ခြေလျင်တပ်ရင်းတွေ၊ ဗျူဟာစခန်းတွေက တပ်မှူးတွေလည်း စခန်းစွန့်ခွါ ထွက်ပြေးတာ၊ လက်နက်ချ အညံ့ခံတာတွေကြောင့် စစ်ကောင်စီဘက်က တပတ်ကြာတဲ့အထိ မြ၀တီမြို့ကို ပြန်လည်ရယူနိုင်တာ မရှိသေးပါဘူး။

လူထုကြားမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေလုပ်မှာကို စိုးရိမ်နေကြပါတယ်။ ချစ်ကြည်ရေးတံတား ၂ နားမှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ က တပ်သားတချို့ ကတော့ ထွက်ပြေးတာတွေရှိနေပြီး ပူးပေါင်းတပ်တွေက သူတို့ကို လက်နက်ချ ဖို့ထုတ်ပြန်တားတယ်လို့ ပြောပါတယ်။

“ဒီနေ့ဆိုရင် စစ်သား ၅ယောက်က ထွက်ပြေးသွားတယ်ကြားတယ်။ သူတို့က တံတား ၂ နားမှာ ဆက်နေနေတယ်။ ဗိုလ်ချစ်သူအဖွဲ့က စားနပ်ရိက္ခာ ထောက်ပံ့နေတယ်။ ကျနော်တို့ကတော့ သူတို့ကို ဒီနေ့ ၁၈ရက်နေ့ နောက်ဆုံးထားပြီး ကျနော်တို့ဆီမှာ အလင်းဝင်ဖို့၊ အလံဖြူထောင်ဖို့၊ ဒါမှမဟုတ်ရင်တော့ တိုက်ခိုက် ချေမှုန်းမယ်လို့ ကျနော်တို့ဘက်က ကြေငြာထားတယ်။”

စစ်ကောင်စီဘက်ကတော့ ကော့ကရိတ်-မြ၀တီ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒီနေ့ကစလို့ နှစ်ရက်အတွင်း မြဝတီကနေ ရှောင်နေကြဘို့ တပ်နဲ့နီးစပ်သူတွေက ပြောတယ်လို့ ကြားသိရပါတယ်။

လက်ရှိမှာတော့ ကေအန်ယူ သိမ်းဆည်းထားတဲ့ လက်နက်တွေပြန်ပေးဖို့ နယ်ခြားစောင့်တပ် BGF ကို ပြန်တောင်းခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဗွီအိုအေက သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG