သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ အခြေအနေ ထိုင်း စောင့်ကြည့်


မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)
မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ ဘယ်လို အဆုံးသတ်မလဲဆိုတဲ့အချက်အပေါ်မှာ ထိုင်းအစိုးရက စောင့်ကြည့်နေတယ်လို့ ထိုင်း-မြန်မာဆက်ဆံရေး အကဲခတ် ဦးထူးချစ်က ဗွီအိုအေကိုပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် သီးခြား ကရင်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ မြဝတီမြို့သိမ်းတိုက်ပွဲမှာ ထိုင်းအစိုးရရဲ့ရပ်တည်ချက်နဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို Zoom ကနေဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် လက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ မြဝတီမြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက မေးမြန်းချက်ကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို အသံဖိုင်နဲ့ ဖြေကြားခဲ့ပါတယ်။

"မြဝတီမြို့ကို အကြမ်းဖက်သမားများအနေနဲ့လက်နက်အားကိုးနဲ့အကြမ်းဖက် သိမ်းပိုက်တာဖြစ်ပါတယ်။"

အခုလို ထိုင်းမြန်မာနယ်စပ်မှာ စစ်ရေး၊ စီးပွားရေးအရ အရေးပါလှတဲ့မြဝတီကို ကရင်လက်နက်ကိုင်အင်အားစုတွေဘက်က သိမ်းပိုက်ထားတဲ့အခြေအနေမှာ ထိုင်းဘက်ကရော ဘယ်လို ရပ်တည်တုံ့ပြန်မလဲ။ ထိုင်း-မြန်မာဆက်ဆံရေး စောင့်ကြည့်နေသူလည်းဖြစ်၊ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးထူးချစ်က သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

"အခုတခေါက် မြဝတီမြို့သိမ်းပွဲတွေလုပ်တဲ့အချိန်မှာတော့ ထိုင်းက တကယ့်ကို ကျနော်တို့အတွေ့အကြုံအရဆို တကယ့်ကိုစိုးရိမ်တကြီးနဲ့ပြင်ဆင်တာမျိုးတွေ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့အပတ်က မဲဆောက်ကိုရောက်သွားတယ်။ သူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ တကယ့်တာဝန်ရှိတဲ့လူတွေရော၊ နောက် ဒု-ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးလုပ်နေတဲ့ပုဂ္ဂိုလ်တွေပါ လာပြီးတော့ သေချာပေါ့နော်-သူတို့ရဲ့ထိုင်းသတင်းဌာနတွေ၊ သတင်းမီဒီယာတွေကိုလည်း သူတို့စနစ်တကျနဲ့ သုံးနေတာမျိုးတွေ ကျနော်တို့တွေ့ရပါတယ်။"

ဗွီအိုအေ။ ။ ထိုင်းသတင်းမီဒီယာတွေမှာ မြဝတီအပါအဝင် အရေးပါတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းယူပြီး ကရင့်အလံလွှင့်ထူထားတာကို အကျယ်တဝင့်ဖော်ပြခဲ့တဲ့ကိစ္စက ထိုင်းနိုင်ငံကို ဘယ်လိုရိုက်ခတ်မှုတွေရှိလဲ။

"အစောကပြောသလိုပေါ့၊ အဓိက-ကတော့လေ- တခုလုံးကိုတော့ ဒီဘက်က ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေပေါ့၊ KNU ဦးဆောင်တဲ့လက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ အလုံးစုံထိန်းချုပ်ပြီးတော့ အစိုးရယန္တရားကို အားလုံးစနစ်တကျလည်ပတ်ဖို့တော့ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးထင်တယ်။ အခုကလည်း တချို့ကလည်း စကစစစ်တပ်တွေကလည်း ဒီဘက်ထိုင်းနယ်စပ်မှာလည်း တစုံတရာကျန်နေသေးတော့လေ ထိုင်းအစိုးရအနေနဲ့ကတော့လည်း တကယ့် ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် သူတို့ရဲ့လေပိုင်နက်ထဲကို လာလို့ရှိရင် ပစ်ချမယ်ဆိုတဲ့အထိ အဲလိုမျိုး ပြောတာတွေရှိသလို ဒီဘက်က ဒုက္ခသည်တွေနဲ့ပတ်သက်လို့လည်း ထိုင်းအစိုးရက ပြင်ဆင်ထားတာရှိတယ်။ လူတသိန်း- ဒုက္ခသည်စစ်ပြေးရှောင် တသိန်းလောက်ကိုလက်ခံနိုင်တဲ့အခြေအနေ ရှိထားပြီဆိုတဲ့အကြောင်းနဲ့ လိုအပ်လို့ရှိရင် ဒိထက်ပြန်ပြင်ဆင်မယ်ဆိုတဲ့ဟာမျိုးတွေ - ဆိုတော့ ကျနော်တို့မြင်တာတော့ နယ်စပ်ပေါ့ဗျာ-နယ်စပ်ကုန်သွယ်ရေးပေါ့ -တအားစိုးရိမ်တဲ့ပုံတော့ပေါ်တယ်။ ...ဆိုတော့ ဒါက ကျနော်တို့လည်း အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အနေအထားလို့ပြောလို့ရတယ်၊ တရက်တရက်ကို ဒေါ်လာ သန်းနဲ့ချီပြီးတော့ အရောင်းအဝယ်လုပ်နေတဲ့နယ်စပ်တွေဖြစ်တော့ သူတို့အနေနဲ့ကလည်း သူတို့ရဲ့စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ဖိအား တစုံတရာလည်းရှိနိုင်လိမ့်မယ်လို့ ကျနော်တို့ကတော့ ထင်တယ်။ လောလောဆယ်ကတော့ ဒီ မြဝတီက ဘယ်သူအုပ်ချုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ကျနော်တို့ထင်တယ်။"

နောက်တခုကတော့ အခု ဒီမှာ လက်ရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စစ်ရေး၊ နိုင်ငံရေး အမြော်အမြင်နဲ့ ဒီကိစ္စကို ဘယ်လိုမျိုးနဲ့အေးအေးချမ်းချမ်းနဲ့ ပုံမှန်ဖြစ်အောင် ဆောင်ရွက်မလဲပေါ့- ဒါတွေကတော့ လူတိုင်းစိတ်ဝင်စားတဲ့ အချက်အလက်လို့ ပြောလို့ရပါတယ်ဗျ။"

ဗွီအိုအေ။ ။ ကရင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခမှာ ပိုပြီးရှုပ်ထွေးနေတာက ရွှေကုက္ကိုလို တရုတ်ကျားဖြန့်ဂိုဏ်းတွေကြီးစိုးထားတဲ့ အခြေအနေ ၊ ကရင် BGF တပ်ဖွဲ့တွေရဲ့ ပိုင်နက် အင်အားစုတွေရှိနေတော့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နောက်ကွယ်မှာရှိနေတယ်ဆိုတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုမြင်လဲ။

"ဟုတ်ကဲ့ဗျ၊ ကျနော်တို့ကတော့ ထိုင်းမှာနေပြီးတော့ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့ ကျနော်ထင်တယ်ဗျ၊ မြဝတီ-ရွှေကုက္ကို- ထိုင်း-မြန်မာနယ်စပ်ပြဿနာနဲ့ လောက်ကိုင်- တရုတ်-မြန်မာနယ်စပ် မူဆယ် - အဲဒီဘက်တွေနဲ့ နည်းနည်းတော့ ကွဲလွဲမယ်လို့တော့ထင်တယ်ဗျ။ ကျနော်တို့ ဆိုလိုချင်တာက ဒီဘက်မှာက ပိုရှုပ်ထွေးသလိုပဲ၊ တချိုု့ ဒုစရိုက်ပေါ့- စီးပွါးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရော၊ ဟိုဘက် စစ်ကောင်စီဘက်ကရော ကျနော်တို့ စောစောကပြောတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကော၊ ထိုင်းဘက်ကရော အများကြီးတော့ တစုံတရာတော့ ပတ်သက်နေမှပဲ ဒီလုပ်ငန်းလုပ်လို့ရတယ်၊ ...ဆိုတော့ သူတို့ ပတ်ကို ပတ်သက်နေကြတယ်။ အဲဒါကြောင့်မို့လို့ မြဝတီမြို့သိမ်းတိုက်ပွဲမှာ ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ဟာက လူတွေအားလုံးက စိတ်ဝင်စားစရာတော့ ကောင်းတာပဲ။ ဆိုလိုချင်တာက ဒါက အကျိုးအမြတ်ပေါ်မှာလည်း .... ကျနော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာထက်၊ တိုက်ပွဲဝင်တယ်ဆိုတာထက် အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့တဦးချင်း အကျိုးအမြတ်တွေအပေါ်မှာလည်း အများကြီးမူတည်နေတယ်။ အဲဒါကြောင့်မို့လို့ တရုတ်ပြည်နယ်စပ်လောက်တော့ မရိုးရှင်းဘူးလို့ထင်တယ်ပေါ့ဗျာ။ ဒီဘက်ကတော့ ပိုရှုပ်ထွေးတယ်။ ဘယ်လိုမျိုး အဆုံးသတ်မလဲဆိုတာက လက်ရှိ တော်လှန်ရေးနဲ့တိုက်ပွဲနဲ့ဦးဆောင်နေတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေအပေါ်မှာတော့ အများကြီးမူတည်လိမ့်မယ်လို့တော့ ကျနော်တော့ပြောချင်တယ်။"

မြဝတီ အခြေအနေ ထိုင်းစောင့်ကြည့်
please wait

No media source currently available

0:00 0:05:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG