သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အခြေအနေနဲ့ပတ်သက်လို့ KNU ရဲ့ သဘောထားထုတ်ပြန်ချက် 


မဲဆောက်မြို့မှ မြန်မာဘက်အခြမ်း မြဝတီမြို့ကို လှမ်းတွေ့ရစဉ် (ဧပြီ ၁၂၊၂၀၂၄)
မဲဆောက်မြို့မှ မြန်မာဘက်အခြမ်း မြဝတီမြို့ကို လှမ်းတွေ့ရစဉ် (ဧပြီ ၁၂၊၂၀၂၄)

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး မြို့ကနေ ဆုတ်ခွာခဲ့ရပြီးတဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေတဲ့အကြောင်း KNU ဗဟိုဌာနချုပ် ကော်သူးလေက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြဝတီမြို့ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNU-KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင် သိမ်းယူခဲ့ပြီးတဲ့နောက် မြို့ရဲ့ အုပ်ချုပ်ရေးကို ဘယ်လို ဆက်လက် လည်ပတ်ကြမလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်နေချိန်မှာ KNU ဗဟိုက ခုလို ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဘက်က မြဝတီမြို့ကို ပြန်လည် တိုက်ခိုက်နေဆဲဖြစ်တာမို့ KNU အနေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့အတူ လက်တွဲပြီး ပြန်လည် စစ်ဆင်နေတဲ့အကြောင်းနဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ရောက်တဲ့အခါ ဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နိုင်အောင် ဒေသခံတွေရဲ့ ပူးပေါင်း ပါဝင်မှု ရယူပြီး အကောင်အထည်ဖော်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဆောင်ရွက်သွားဖို့အတွက် KNU က သဘောထား ရပ်တည်ချက် ၄ ရပ် ချမှတ်ထားတယ်လို့ ဖော်ပြရာမှာတော့ ထိုင်း−မြန်မာ နယ်စပ် နှစ်ဘက်ခြမ်းလုံးက ပြည်သူတွေ ဘေးကင်းလုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ရရှိရေးကို အထူးအလေးထား ဆောင်ရွက်တာ၊ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ပြင်ဆင်တာ၊ ထိုင်းအစိုးရနဲ့ နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်း ပြည်ပ မဟာမိတ်အဖွဲ့တွေ၊ သက်ဆိုင်သူတွေ အားလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်တာ၊ အာဏာရှင်စနစ်ကို ဖယ်ရှားပြီး အရပ်သားဦးဆောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်နိုင်ဖို့အတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ ပါဝင်တာတွေ လုပ်သွားမယ်လို့ KNU ဗဟိုက ဒီကနေ့ အသိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နယ်စပ်မှာ တိုက်ပွဲ ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်ပြီး ဒေသခံတွေ အများအပြား ထိုင်းနိုင်ငံဘက် အလုံးအရင်း ထွက်ပြေးနေကြသလို၊ ထိုင်းအစိုးရကလည်း နယ်စပ် လုံခြုံရေးအတွက် အနီးကပ် စောင့်ကြည့်နေကြောင်း ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG