သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး တရုတ်ပါဝင်ပူးပေါင်းဖို့ ကန်မျှော်လင့်


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)

မြန်မာနိုင်ငံရေးအကျပ်အတည်းဟာ ဒေသတခုလုံးရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်လာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာအတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း အထူးသဖြင့် မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေကို လျော့ပါးလာစေဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးဟာ အမေရိကန်နဲ့တရုတ်နိုင်ငံကြား တူညီတဲ့အကျိုးစီးပွားဖြစ်တာမို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာမယ့်တရုတ်နိုင်ငံခရီးစဉ်မှာ ဒီကိစ္စရပ်တွေအပေါ် ဆွေးနွေးဖွယ်ရှိတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးကလည်း ပြောထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ဒီနေ ဧပြီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကိုသွားရောက်ပြီး တရုတ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိနေတာပါ။

ဒီခရီးစဉ်အတွင်း အရေးတကြီး ကမ္ဘာ့အရေးကိစ္စတွေဖြစ်တဲ့ ဂါဇာအရေး၊ ယူကရိန်းစစ်ပွဲတို့အပြင် ဒေသတွင်းက မြန်မာ့အကျပ်အတည်းအခြေအနေကိုလည်း တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့ ယူဆရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေကို တုံ့ပြန်ဖြေဆိုချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဖို့၊ ဖမ်းဆီးထားသူတွေ လွတ်လာဖို့၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းစွာနေထိုင်လိုမှုအတွက် မြန်မာပြည်သူတွေ စိတ်ဆန္ဒတွေကိုကူညီဖို့ စစ်ကောင်စီကို ဖိအားပေးရေးအတွက် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာကို တိုက်တွန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီနဲ့အဆက်အနွယ်တွေကို ဒဏ်ခတ်အရေးယူထားသလို အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း လေယာဉ်ဆီတင်သွင်းသူတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထားအရေးယူထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့နီးစပ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ကုန် ရှမ်းမြောက်တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးတင်းတင်းမာမာရှိတယ်လို့ လေ့လာသူတချို့က ယူဆကြပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းရောင်းချခဲ့တာတွေနဲ့ ကုန်သွယ်စီးပွား ဆက်စပ်မှုတွေကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ပြစ်တင်မှုကိုလည်း ခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG