သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတိုက်ပွဲကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းမှာ ဆေးကုသမှုခံယူ


မဲဆောက်ဆေးရုံကိုရောက်လာတဲ့ လူနာများ (ဧပြီ ၂၂၊ ၂၀၂၄)
မဲဆောက်ဆေးရုံကိုရောက်လာတဲ့ လူနာများ (ဧပြီ ၂၂၊ ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဆေးကုသမှု ခံယူနေသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူ အများအပြားအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတာပါ။အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်က ဆေးရုံကို လူနာ ၁၀၀ ကျော်ရောက်ရှိလာတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး ‌‌ဒေါက်တာ ချွန်နန် စီကဲ၀ို ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"မြ၀တီတိုက်ပွဲကြောင့် သုံးရက်အတွင်း မဲဆောက်ဘက်ကို လာရောက် ဆေးကုသသူလူနာစုစုပေါင်း ၁၁၃ ဦး ရှိပြီး မဲဆောက်ဆေးရုံကြီး မှာတင် အတွင်းလူနာ ၈၂ ဦးကို ဆေးကုပေးနေရပါတယ် ဒဏ်ရာရသူတွေဟာ အများစုက ဗုံးထိတဲ့ ဒဏ်ရာတွေဖြစ်ပြီး ၂၈ ဦး ခွဲစိတ်ကုသမှုပေးခဲ့ရကြောင်းကိုလည်း ပြောသွားပါတယ်။ ကျန်းမာရေး၀န်ကြီး ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံဘက်က ဒဏ်ရာရလူနာတွေ များလာ နေတာကြာင့် လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ ဆေး၀န်ထမ်းတွေ ထပ်တိုးပြီးကုသ ပေးနေရပါတယ်။ လိုအပ်ရင် အရေးပေါ် ရွက်ဖျင်တဲတွေထိုးပြီး ကုသပေးဖို့လည်း အသင့်ပြင်ထားပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ကတော့ ဒဏ်ရာရသူအားလုံးကိုမခွဲခြားပဲ ကုသပေးနေပါတယ်" လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

မြဝတီတိုက်ပွဲနဲ့ ဒုက္ခသည်တွေအခြေအနေမေးမြန်းချက်
please wait

No media source currently available

0:00 0:05:08 0:00

မြဝတီတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေပါတယ်။ အလားတူပူးပေါင်းတပ်တွေဘက်ကလည်း မဲဆောက်မြို့မှာဆေးကုသမှု ခံယူနေကြပါတယ်။ နှစ်ဖက်စလုံး ဒဏ်ရာရသူအရေအတွက်ဘယ်လောက်ရှိသလဲဆိုတဲ့သတင်းထောက်တွေရဲ့အမေးကိုတော့ ထိုင်းကျန်းမာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

မြဝတီမြို့ အမှတ် ၂ တံတားအနီးမှာတပ်စွဲနေရာယူထားတဲ့ ခလရ ၂၇၅ တပ်သားတွေကို KNLA /PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ အများအပြားထိခိုက်မှုရှိတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။ နယ်စပ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ရောက်ရှိလာကြတာတွေ လုံခြုံရေးကိစ္စတွေ ကိုလာရောက်စစ်ဆေးလေ့လာဖို့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ဟာ မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ရောက်ရှိလာပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG