သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်အာဏာချုပ်ကိုင်နိုင်ဖို့ အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီး


Secretary of State Antony Blinken speaks about the recently released 2023 Country Reports on Human Rights Practices during a briefing at the State Department in Washington, April 22, 2024.
Secretary of State Antony Blinken speaks about the recently released 2023 Country Reports on Human Rights Practices during a briefing at the State Department in Washington, April 22, 2024.

မြန်မာစစ်ကောင်စီဟာ အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အကြမ်းဖက်ရက်စက်မှုတွေ ဆက်ကျူးလွန်နေတာကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးရပြီး လူ နှစ်သောင်းခွဲကျော် ဖမ်းဆီးထိမ်းသိမ်းခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

နှစ်စဉ်ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၃ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာ နိဒါန်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောခဲ့တာပါ။ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်း စစ်ကောင်စီနဲ့ အတိုက်အခံအင်အားစုတွေအကြား ပဋိပက္ခတွေတိုးမြင့်လာတာနဲ့အတူပဲ၊ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေတွေလည်း ဒီနှစ်အတွင်း ဆိုးဝါးလာတယ်လို့ ဆိုထားပါတယ်။ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးညှင်းပမ်းနှိပ်စက်မှုတွေ၊ မသက်ဆိုင်တဲ့မိသားစုဝင်တွေကိုပါအပြစ်ပေးအယူတာတွေအပြင်၊ သတင်းလွတ်လပ်ခွင့်ကိုထိန်းချုပ်တာ သတင်းသမားတွေကို ခြိမ်းခြောက်အန္တရာယ်ပြုတာ၊ အင်တာနက်နဲ့တယ်လီဖုန်းအသုံးပြုမှုကန့်သတ်တာ၊ နည်းပညာသုံးစောင့်ကြည့်ပြီး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိခိုက်စေတာတွေကိုပါ ဖော်ပြထားပါတယ်။

စစ်မက်ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို အကူအညီမပေးတဲ့အပြင်၊ စစ်ကောင်စီအနေနဲ့ စစ်ဖက်အရပ်ဖက်မခွဲပဲ နိုင်ငံအနှံဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း အချက်အလက်တွေ ရက်စွဲတွေနဲ့တကွဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူတာမျိုး၊ ဖော်ထုတ်တာမျိုးတွေလည်း အာဏာပိုင်တွေဖက်က လုပ်ဆောင်တာမျိုးမရှိဘူလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ရေးပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး အရပ်သားတွေကိုညှင်းပမ်းနှိပ်စက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက အခုလို နှစ်စဉ်ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို နိုင်ငံပေါင်း ၂၀၀နီးပါးနဲ့ ကမ္ဘာတခြားဒေသက လူ့အခွင့်အရေးအခြေအနေတွေကို စုဆောင်းသုတေသနပြုစုထားတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ၁၉၇၇ ခုနှစ်ကတည်းက နှစ်စဉ်ပြုစုတဲ့ ဒီ အစီရင်ခံစာကို အမေရိကန်လွှတ်တော်ကို တင်သွင်းတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG