သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ်ဖို့ ထိုင်းအသင့်ရှိနေ


ထိုင်းမြန်မာနယ်စပ်
ထိုင်းမြန်မာနယ်စပ်

မြန်မာနိုင်ငံတွင်းပဋိပက္ခတွေမှာ ညှိုနှိုင်းဆွေးနွေးမှုတွေဖြစ်လာစေဖို့ ထိုင်းအနေနဲ့ ကြားဝင်ညှိုနှိုင်းပေးဖို့ အသင့်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့ ထိုင်းအစိုးရအနေနဲ့ အသင့်ရှိသလို၊ ဒီလို ကြားဝင်ညှိုနှိုင်းပေးဖို့ နိုင်ငံတကာကလည်း မျှော်လင့်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ရဲ့ အတွင်းရေးမှုးချုပ် Dr. Prommin Lertsuridej ကပြောဆိုတယ်လို့ ဘန်ကောက်ပိုစ်သတင်းစာကြီးက ဖော်ပြခဲ့တာပါ။

မြန်မာနယ်စပ်အရေးကို စောင့်ကြည့်ကိုင်တွယ်ဖို့တော့ ထိုင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree ဦးဆောင်တဲ့ ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ အခု အင်္ဂါနေ့ နယ်စပ် မဲဆောက်မြို့ကို သွာရောက်ပြီး နယ်စပ်အခြေအနေတွေ အကဲခတ်ကြည့်ရှုဖို့ရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဖက်က ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ မြဝတီတိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း ထွက်ပြေးလာတဲ့ ဒုက္ခသည် ၃ထောင်နီးပါးထဲကတချို့ကတော့ မနေ့က နေရပ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့ တနင်းလာနေ့ကတော့ မြဝတီမြို့ဝန်းကျင်အခြေအနေတွေ ပြန်လည်ငြိမ်သက်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးမှုများတဲ့အတွက် တပ်တွေ ယာယီဆုတ်ခွာခဲ့တယ်လို့ KNU က ကြေညာချက် ထုတ်ခဲ့ပါတယ်။

မြဝတီမြို့ကို စစ်ကူလွှတ်လိုက်တယ်ဆိုတဲ့ မြန်မာစစ်ကောင်စီတပ်တွေကတော့ KNU နဲ့မဟာမိတ်တပ်တွေ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လမ်းခရီးမှာ ကြန့်ကြာနေဆဲရှိပါတယ်။ မြဝတီမြို့မှာတော့ ယခင် ကရင်နယ်ခြားစောင့်တပ်တွေကပဲ လုံခြုံရေးယူထားပြီး၊ ဒီတပ်တွေရဲ့ ရပ်တည်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ကရင်နယ်ခြားစောင့်တပ်တွေအနေနဲ့ စစ်ကောင်စီ လက်အောက်မှာမနေတော့ပဲ၊ KNA ကရင်အမျိုးသားတပ်ဆိုပြီး ပြောင်းလဲဖွဲ့စည်းမယ်လို့လည်း ယခင်က ကြေညာထားပါတယ်။ ဒါပေမယ့် ဒီနယ်ခြားစောင့်တပ်တွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးအကြား ဆက်ဆံမှုပုံစံကလည်း သဲသဲကွဲကွဲမရှိလှပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG