သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump အမှု ဂျူရီလူကြီးနှစ်ဦးထုတ်ပယ် 


အမေရိကန်သမ္မတထရမ့်ရဲ့ရာဇဝတ်မှုတရားရုံးမြင်ကွင်း။
အမေရိကန်သမ္မတထရမ့်ရဲ့ရာဇဝတ်မှုတရားရုံးမြင်ကွင်း။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရင်ဆိုင်နေရတဲ့ နယူးယောက်က ရာဇဝတ်မှု စွပ်စွဲချက် တရားခွင်မှာကြားနာဖို့ အခုသီတင်းပတ်အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ဂျူရီလူကြီးခုနစ်ဦးအနက် နှစ်ဦးကို ကြာသပတေးနေ့က ဂျူရီလူကြီးအဖွဲ့က‌ ထုတ်ပယ်လိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ် ဒါဇင်နဲ့ချီတဲ့ ဂျူရီလူကြီးစာရင်းဝင်လူတွေကိုလည်း ဒီအမှုမှာ တရားမျှတတဲ့စီရင်ချက်ချမှတ်ဖို့ သူတို့အနေနဲ့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့လို့ ဂျူရီလူကြီးအဖြစ် တာဝန်ယူရမယ့်စာရင်းကနေ ပယ်ဖျက် လိုက်ပါတယ်။ ထရမ့်အမှု အတွက် ဂျူရီရွေးချယ်တဲ့တရားရုံး ရုံးချိန်း သုံးကြိမ် ရှိပါပြီ။ ဒီမိုကရက်ပါတီကို ထောက်ခံသူအများစု ရှိတဲ့ နယူးယောက်ပြည်နယ်မှာ ဂျူရီအဖွဲ့အတွက် လူ ၁၉၂ ဦးကို စစ်ဆေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲက ဒါဇင်နဲ့ချီတဲ့လူတွေဟာ သူတို့အနေနဲ့ အမှုကို တရားမျှမျှတတ စီရင်နိုင်ဖို့ အာမခံချက်မပေးနိုင်လို့ ချက်ချင်းပယ်ချခံခဲ့ရတယ်လို့ နယူးယောက် ပြည်နယ် တရားရုံးချုပ်တရားသူကြီး Juan Merchan က ပြောပါတယ်။

ကြာသပတေးနေ့တုန်းကလည်း ဂျူရီ အဖွဲ့အတွက် လူ ၉၆ ဦးကို စစ်ဆေးခဲ့ပေမယ့် အဲဒီထဲက တဝက်က ထရမ့်အပေါ်မှာ တရားမျှတတဲ့အမြင် ဆုံးဖြတ်ချက်ရှိနိုင်မှာ မဟုတ်ကြောင်း ထွက်ဆိုခဲ့လို့ သူတို့ကို တာဝန်ကနေကင်းလွတ်ခဲ့ရပြီး နောက်ထပ် (၉) ဦး ကိုတော့ တစုံတရာ ဖြေရှင်းချက်မထုတ်ပြန်ဘဲ ဂျူရီလူကြီးတာဝန်ကနေ ကင်းလွတ်ပေးခဲ့ပါတယ်။

ဂျူရီစာရင်းက ပယ်ဖျက်လိုက်တဲ့အထဲမှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဂျူရီလူကြီးအဖြစ် ရွေးချယ်ခဲ့ပြီးဖြစ်တဲ့ ကင်ဆာရောဂါအထူးပြု သူနာပြုအမျိုးသမီးတဦးလည်းပါဝင်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ တရားခွင်အကြောင်း မီဒီယာဖော်ပြချက်တွေမှာ သူဘယ်သူဆိုတာကို လူအများက သိရှိသွားနိုင်မယ့် အန္တရာယ်ရှိကြောင်း သူငယ်ချင်းတွေက သူ့ကို တရားသူကြီး Juan Merchan ကို တင်ပြခဲ့ပြီးနောက်ပိုင်းမှာ အဲဒီ သူနာပြုကို ဂျူရီ တာဝန်ကနေ ကင်းလွတ်ခွင့် ပေးလိုက်တာပါ။

မီဒီယာတွေအနေနဲ့ ဂျူရီလူကြီးတွေရဲ့အလုပ်အကိုင်နဲ့ သူတို့ရဲ့ပုံပန်းသဏ္ဍာန်တွေကို ဖော်ပြတာမျိုးမလုပ်ဖို့လည်း တရားသူကြီး Merchan က တောင်းဆိုထားပါတယ်။ ဂျူရီ အဖွဲ့ဝင် ၁၂ ယောက်နဲ့အရန် ၆ ယောက် ရွေးချယ်ဖို့ရှိရာမှာ လက်ရှိ ၅ ယောက်ပဲ ရွေးချယ်ထားနိုင်ပါသေးတယ်။

Forum

XS
SM
MD
LG