သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို ဖျက်ဖို့ အမေရိကန်ဆောင်ရွက်လို့ စစ်ကောင်စီ စွပ်စွဲ


အမေရိကန် လွှတ်တော်အဆောက်အဦး
အမေရိကန် လွှတ်တော်အဆောက်အဦး

မြန်မာ့ဒီမိုကရေစီရေးကို အားပေးဖို့ အမေရိကန်ပြည်ထောင်စု ပြဌာန်းထားတဲ့ Burma Act ဥပဒေဟာ မြန်မာနိုင်ငံကို ဖျက်စီးဖို့ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ ပြည်တွင်းသတင်းဌာနတခုနဲ့ သီးသန့်မေးမြန်းခန်းတခုမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“Burma Act အရ မြန်မာနိုင်ငံကို ပိုက်ဆံပေးပြီး ဖျက်ဖို့ပေါ့ဗျာ၊ အမေရိကန်ဒေါ်လာ ၁၂၁ သန်း ကူညီထောက်ပံ့တယ်။ ကူညီထောက်ပံ့တဲ့နေရာမှာလည်း ထိုင်းနိုင်ငံဘက်ကနေတဆင့်၊ အိန္ဒိယနိုင်ငံဘက်ကနေတဆင့် ကူညီထောက်ပံ့မယ်ဆိုတဲ့ဟာကလည်း တွေ့ပြီးဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet နဲ့ K3C တိုင်းရင်းသား ၄ ဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး K3C နဲ့ ပြည်သူ့ကာကွယ်ရေးလက်နက်ကိုင် PDF, ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တွေ ပူးပေါင်းနိုင်ဖို့ လုပ်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောကြားခဲ့ပါတယ်။ K3C ဆိုတာကတော့ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA, ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဖြစ်ပါတယ်။ ဒီ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ X လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားဆောင်ရွက်နေကြတဲ့ K3C အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ အတိုင်ပင်ခံ Derek Chollet က ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ကိစ္စမှာလည်း ကမ္ဘာတဝန်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမေရိကန်အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP နောက်ကွယ်က ပါဝင်ခဲ့တယ်လို့ ဒီ မေးမြန်းခန်းမှာဘဲ စွပ်စွဲပြောဆိုထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်စွဲကိုင်ပြီး သူပုန်ထနေတဲ့အဖွဲ့တွေ ဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတခုနဲ့ မေးမြန်းခန်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရည်ညွန်းပြောဆိုခဲ့ပါတယ်။

အမေရိကန်မှာ ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၂၁ သန်းပေးဖို့ လျာထားတာမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ စစ်ပွဲပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG