သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့တိုက်ပွဲနဲ့ ကရင်နယ်မြေတွင်း ဆိုက်ဘာရာဇဝတ်မှုများ


မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)

စစ်ကောင်စီရဲ့ပြည်ထဲ‌ရေးဝန်ကြီးကို တရုတ်ခရီးစဥ်မှာ ဆုချီးမြှင့်နေချိန်မှာပဲ စစ်တပ်ကမြဝတီမှာ ခြေကုပ်ပြန်ယူနိုင်ဖို့ အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ BGF နယ်ခြားစောင့်ရဲ့အကူအညီကို ယူရတာက တရုတ် အစိုးရမျက်နှာကို ဖြတ်ရိုက်လိုက်သလို အရှက်ရစေတဲ့လုပ်ရပ်လို့ တရုတ်-မြန်မာ အရေး စောင်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ သုတေသီတဦးက ဗွီအိုအေကို ပြောပါတယ်။ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းနဲ့ အကျိုးစီးပွားတွေ ရောယှက်ရှုပ်ထွေးနဲ့ မြဝတီဖြစ်စဥ်နဲ့ တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ တုံ့ပြန်နိုင်ခြေတွေအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။

ဧပြီ ၂၉ ရက်နေ့မှာပြီးဆုံးတဲ့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ရဲ့ ၆ ရက်ကြာ တရုတ်ခရီးစဥ်အတွင်းမှာ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုအကာအကွယ်ပေးတဲ့ နိုင်ငံခြားတိုင်းပြည်ကလူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ Golden Great Wall Commemorative ဆု ချီးမြှင့်ခဲ့ပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ်ရှားဟုန် (Wang Xiaohong) ကလည်း တရုတ်နယ်စပ်က အွန်လိုင်း ရာဇ၀တ်ဂိုဏ်းတွေကို တရုတ်နဲ့မြန်မာ ပူးပေါင်းနှိမ်နင်းရာမှာ ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ ပြောပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ယွမ်ငွေ ၅ သန်း ကူညီထောက်ပံ့ခဲ့ပါတယ်။

ဒီလိုအချိန်မှာ မြန်မာနိုင်ငံထဲမှာ နောက်ထပ် အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေ အခြေတည်ရာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက နောက်ဆုံးလက်ကျန် စစ်အခြေစိုက်စခန်းတခုဖြစ်တဲ့ ခ-လ-ရ ၂၇၅ ကို ရာဇဝတ်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပတ်သက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF/KNA ) အကူအညီနဲ့ စစ်ကောင်စီတပ်တွေက ပြန်လည်ဝင်ရောက်ပြီး သူတို့ အလံပြန်လွှင့်ခဲ့တာပါ။ ဒါက တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်စေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အပြီးတိုင်ဖြေရှင်းလိုတဲ့ တရုတ်အတွက် အရှက်ရစေပြီး စော်ကားတဲ့လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု(USIP) အဖွဲ့က တရုတ်-မြန်မာအရေးနဲ့ ဆိုက်ဘာ လိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း သုတေသနပြု စာတမ်းတွေရေးသားထုတ်ဝေနေသူ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး ဂျေဆင်တာဝါ (Jason Tower) က သုံးသပ်ပါတယ်။

“တရုတ်အတွက်က ပါးကို ဖြတ်ရိုက်ခံရသလို အရှက်ရစရာပါပဲ။ (ဒုတိယ ဗိုလ်ချုပ်ကြီး) ရာပြည့်ကို ဆုချီးမြှင့်နေတုန်းမှာပဲ စစ်ကောင်စီတပ်တွေက မြဝတီမှာ ခြေကုပ်ယူနိုင်ဖို့ ရာဇဝတ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူတွေကို ပိုပိုပြီး မှီခိုလာရတာက တကယ် လက်တွေ့ ဖြစ်ပျက်နေတာပါ။”

နောက်ဆက်တွဲအနေနဲ့ ကရင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့အတူ ရွှေကုက္ကိုက တရုတ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်တာမျိုး လုပ်လာနိုင်တယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုမြို့သစ်မှာ ဒေသခံ နယ်ခြားစောင့်တပ်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ တရုတ် ရာဇဝတ်လုပ်ငန်းတွေ၊ ဆိုက်ဘာလိမ်လည်တဲ့ တရားမဝင်လုပ်ငန်းတွေက နှစ်အတန်ကြာကတည်းက အခြေတည်နေတာပါ။ မြောက်ပိုင်းညီနောင် (၃) ဖွဲ့အကူအညီနဲ့ သူ့နယ်စပ်တလျှောက် အထူးသဖြင့် ကိုးကန့်ဒေသ၊ လောက်ကိုင်က ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေကို ခြေမှုန်းခဲ့တဲ့ တရုတ်အစိုးရဟာ အဲဒီ စစ်ဆင်ရေးတွေအတွင်းရရှိခဲ့တဲ့ သတင်းအချက်အလက်နဲ့ ကွင်းဆက်တွေကို ရွှေကုက္ကိုအတွက် အသုံးချလာနိုင်စရာရှိတယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေးပြီးကတည်းက ပြီးခဲတဲ့ လပိုင်းတွေထဲမှာ တရုတ်မှာ သတင်းအချက်အလက်တွေ အမြောက်အမြား လက်ခံရရှိထားတာပါ။ လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူတာတွေ သိန်းနဲ့ချီကို တရုတ် အာဏာပိုင်တွေဆီ လွှဲပေးခဲ့ရတာပါ။ ဒါကြောင့် ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ တခြားနိုင်ငံတွေနဲ့အတူ အချက်အလက်မျှဝေတာတွေ လုပ်လာနိုင်ပါတယ်။”

ဒီလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နှင်းရေးမှာ ထောက်လှမ်းရေး သတင်းအချက် ဖလှယ်နိုင်ဖို့ကိုလည်း အမေရိကန် အစိုးရက တရုတ်နဲ့အတူ လက်တွဲ လုပ်ဆောင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

တဘက်မှာလည်း ကိုးကန့် ဖြစ်စဥ် အပြီးမှာ မြဝတီဒေသတဝိုက်ကို အဓိက စိုးမိုးထားတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အကြီးအကျယ် တုန်လှုပ်သွားတယ်လို့ ဂျေဆင်တာဝါက ထောက်ပြပါတယ်။ ကိုးကန့်မှာ စစ်ကောင်စီဟာ သူတို့နဲ့ တလျှောက်လုံး အတူ ရပ်တည်လာခဲ့တဲ့ အင်အားကြီး ခေါင်းဆောင်တချို့အပါအဝင် အွန်လိုင်းရာဇဝတ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူတွေကို တကယ်တမ်း ဖိအားတွေ ကြုံလာချိန် ကျဥ်းထဲ ကျပ်ထဲရောက်ချိန်မှာ တရုတ်အာဏာပိုင်တွေလက်ထဲ ဝကွက် အပ်ခဲ့တာပါကို သူက ဆိုလိုတာပါ။

“ဒါက ကရင်နယ်ခြားစောင့်တပ် (BGF) လို မြဝတီအခြေစိုက် ရာဇဝတ်လုပ်ငန်းတွေမှာ အဓိက ပတ်သက်နေသူတွေအတွက် သူတို့ရဲ့ ရာဇဝတ်လုပ်ငန်း အင်ပါယာကြီးကို ကာကွယ်နိုင်မယ့် ဗျူဟာ ကျင့်သုံး လာတာကို စတင်တွေ့ရမှာပါ။ မြန်မာစစ်ကောင်စီက သူတို့ကို အကာအကွယ် မပေးနိုင်တော့ဘူးဆိုတာ ထင်ရှားသွားလို့ပါ။ ဒါက အဆုံးမှာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စောချစ်သူကို ကြားနေဖို့ ဖြစ်သွားပြီး တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆက်သွယ်ဖို့ ဖြစ်လာတာပါ။”

လက်လွှတ်ခဲ့ရပြီးဖြစ်တဲ့ ခ-လ-ရ ၂၇၅ စခန်းမှာ စစ်ကောင်စီ တပ်သားတချို့ အလံလွှင့် ဓာတ်ပုံရိုက် ထုတ်ပြန်နိုင်ခဲ့တဲ့ လတ်တလောဖြစ်စဥ်ကတော့ ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ပထမ ကြားနေ အနေအထားကနေ ဒေသတွင်းမှာ အဓိက တော်လှန်ရေး အင်အားစု ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ကို သစ္စာဖောက်တာဖြစ်သလို BGF အနေနဲ့ သူ့အင်အားကို မြဝတီမှာ ပိုကြီးထွားအောက်လုပ်တာလို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

ခ-လ-ရ ၂၇၅ ဖြစ်စဥ်က စစ်ကောင်စီအတွက် ‘အပြ’ သက်သက်သာဖြစ်ပြီး တကယ်တမ်း စစ်ရေးအရ တိုးတက်မှုမဟုတ်ဘူးလို့လည်း သူက ထောက်ပြပါတယ်။ ဒါဟာ ကရင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ ဒေသတွင်းမှာ လွှမ်းမိုး သြဇာကြီးမားမှုကို စစ်ကောင်စီက ပြန်မှီခို အသုံးချရတာလို့ သူက ရှုမြင်ပါတယ်။

“ဒါက ရာဇဝတ်လုပ်ငန်း နောက်ခံအင်အားနဲ့ စောချစ်သူရဲ့ သြဇာအာဏာ ကြီးထွားနေတဲ့ အချက်ကိုပြတာပါ။ ရွှေကုက္ကိုကို အခြေပြုတဲ့ လိမ်လည်မှုလုပ်ငန်းတွေက ဒေါ်လာဘီလီယံနဲ့ချီ ပိုင်ဆိုင်မှုတွေကို ကျနော်ဆိုလိုတာပါ။ နယ်ခြားစောင့်တပ်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ဒီနယ်မြေကို ထိန်းချုပ်ဖို့ လိုပါတယ်။ (ကရင်) နယ်ခြားစောင့်တပ်က ဒါကို ပိုပြီး အခြေခံကျကျ စိတ်ဝင်စားတာပါ။ တချိန်ချိန်မှာ မြန်မာစစ်တပ်က အဲဒီနယ်မြေကို ပြန် ထိန်းချုပ်နိုင်မယ်လို့ ကျနော့်အနေနဲ့ မယူဆပါဘူး။”

တဘက်မှာလည်း မြဝတီက အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းအခြေပြု ရာဇဝတ် လုပ်ငန်းတွေကို ဖြေရှင်းနိုင်ဖို့က ဒေသတွင်းမှာအစဥ်အလာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) အနေနဲ့ လူမျိုးစုအတွင်းက အင်အားစုအားလုံးနဲ့ စုစည်းမှု ရယူပြီး ကရင်နယ်ခြားစောင့်တပ်အပါအဝင် ပါဝင်ပတ်သက်နေသူ အားလုံးကို ဖြေရှင်းနိုင်ဖို့လိုတယ်လို့ ဂျေဆင်တာဝါက အကြံပြုပါတယ်။ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်း သက်ရောက်ထိခိုက်နေတဲ့ ဘီလီယံတွေနဲ့ချီတန်ဖိုးရှိတဲ့ ဆိုက်ဘာလိမ်လည်တဲ့လုပ်ငန်းတွေကို နိုင်ငံတကာက နိုင်ငံပေါင်းစုံ ချိတ်ဆက် ဖြေရှင်းတဲ့လုပ်ငန်းအဖွဲ့ ထူထောင်ပြီး မနှိမ်နင်းနိုင်သရွေ့ ကရင်ပြည်နယ်ထဲမှာ ပပျောက်သွားရင်တောင် အရေးယူမှုအားနည်းတဲ့ မြန်မာနိုင်ငံထဲက တချို့ဒေသတွေအပါအဝင် တခြားနိုင်ငံတချို့မှာ ဆက်လက်ရည်တည်ပြီး ခြိမ်းခြောက်နေဦးမှာ ဖြစ်ကြောင်းလည်း သူက ထောက်ပြပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG