သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maine ပြည်နယ် ပါတီတွင်းရွေးကောက်ပွဲမှာ သမ္မတဟောင်း Trump ပါဝင်ခွင့် ပိတ်ပင်ခံရ


သမ္မတဟောင်း ဒေါ်နယ်ထရမ့်
သမ္မတဟောင်း ဒေါ်နယ်ထရမ့်

အမေရိကန်ပြည်ထောင်စု Maine မိန်း ပြည်နယ်မှာ ရီပါဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲကျရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပါဝင်ခွင့် မရှိလို့ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက တားမြစ်လိုက်ပါတယ်။ ၂၀၂၁ ဇန်နဝါရီလတုန်းက လွှတ်တော်အဆောက်အဦး တိုက်ခိုက်ခံရအောင် ထရမ့်က လှုံ့ဆော်ခဲ့တာကြောင့် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲလုပ်ကြတဲ့အခါ မဲပြားပေါ်မှာ ထရမ့် နာမည်ပါဝင်ခွင့် မရှိဘူးလို့ မိန်း ပြည်နယ် အတွင်းရေးမှူး Shenna Bellows ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကော်လိုရာဒို ပြည်နယ်တရားရုံးချုပ်ကလည်း ပြီးတဲ့တဲ့လက အလားတူ ပိတ်ပင်ခဲ့တာကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ ထရမ့် ကို ဝင်ပြိုင်ခွင့် ပိတ်ပင်တာ ပြည်နယ် ၂ ခုရှိသွားပါပြီ။ နိုင်ငံတော်ကို ကာကွယ်မယ်လို့ ကျန်းသစ္စာကျိန်ဆိုထားသူ ဘယ်သူမဆို နိုင်ငံတော် ပုံကန်မှုမှာ ပါဝင်ပတ်သက်ခဲ့ဖူးရင် အစိုးရရာထူးနေရာ ယူခွင့်မရှိဘူးဆိုတဲ့ အမေရိကန်ဖွဲ့စည်းပုံ ပြင်ဆင်ချက် ၁၄ အရ ပြည်နယ် ၂ ခုလုံးမှာ တားမြစ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဖွဲ့စည်းပုံအရ အမေရိကန်အစိုးရ အခြေခံအုတ်မြစ်ကို စော်ကားတာကို သည်းခံ ခွင့်ပြုလို့ မရသလို မိန်း ပြည်နယ်ဥပဒေအရ ထရမ့် ကိုတားမြစ်ဖို့ လိုအပ်တယ်လို့ မိန်း ပြည်နယ် အတွင်းရေးမှူး Bellows ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့် ပြိုင်ဖက် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တဲ့ရလာဒ်ကို လွှတ်တော်မှာ တရားဝင် အတည်မပြုနိုင်အောင် ထရမ့် ကြိုးစားခဲ့မှုတွေနဲ့ အမှုတွေ ရင်ဆိုင်နေရပေမဲ့ သူ့အမှုတွေထဲမှာ နိုင်ငံတော်ပုံကန်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတော့ မပါပါဘူး။ အခုလို ရွေးကောက်ပွဲတွေ မဝင်နိုင်အောင် မိန်း ပြည်နယ် ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ထရမ့် ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG