သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်မှုနဲ့ မြန်မာအရေးသက်ရောက်နိုင်ခြေ


ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ရုတ်တရက် ရာထူးကနေနုတ်ထွက်လိုက်တာဟာ ဝန်ကြီးချုပ် Srettha အစိုးရအဖွဲ့အပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တခုဖြစ်သလို လက်ရှိအစိုးရအဖွဲ့တွင်းမှာ အက်ကြောင်းတွေဘယ်လောက်ရှိခဲ့သလဲဆိုတာ ထင်ရှားတယ်လို့ ထိုင်း-မြန်မာ့အရေးကျွမ်းကျင်သူ တဦးက ဗွီအိုအေကိုပြောပါတယ်။ မြန်မာ့အရေးမှာလည်း တက်တက်ကြွကြွဦးဆောင်နေတဲ့ ထိုင်းဝန်ကြီး Parnpree နုတ်ထွက်ခဲ့တာဟာ မြန်မာမူဝါဒကို ဘယ်လိုရိုက်ခတ်မှုတွေရှိမလဲ။ ဘန်ကောက် Kasetsart တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Lalita Hanwong ကိုမအင်ကြင်းနိုင်က Zoom ကနေဆက်သွယ်မေးမြန်းထားပါတယ်။

ဗွီအိုအေ။ ။ ထိုင်း-မြန်မာ ဆက်ဆံရေးအခြေအနေမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နုတ်ထွက်မှုဟာ ဘယ်လောက်အရေးပါလဲ။

Lalita Hanwong: "ထိုင်းနိုင်ငံမှာရှိတဲ့ ကျမတို့အတွက်ကတော့ Srettha အစိုးရအဖွဲ့အပေါ် ကြီးမားတဲ့ ထိုးနှက်ချက်လို့မြင်ကြပါတယ်။ Parnpree ရာထူးကနေ နုတ်ထွက်သွားပြီလို့ ကျမ သူငယ်ချင်းဆီက စစချင်းကြားလိုက်ရချိန်မှာ နောက်ပြောနေတယ်လို့တောင် ထင်လိုက်တာပါ။ လက်ရှိအစိုးရအဖွဲ့ထဲမှာ ပြဿနာတွေအများကြီးရှိနေတယ်ဆိုတာ ကျမတို့သိကြပါတယ်။ ဒါပေမဲ့ Parnpree ရဲ့ နုတ်ထွက်စာကို တွေ့လိုက်တဲ့အချိန်မှာ ကျမ မယုံနိုင်အောင်ဖြစ်ရပါတယ်။ အစိုးရဝန်ကြီးတွေထဲမှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိလာပြီး အက်ကြောင်းတွေရှိလာနေတယ်ဆိုတာ ကျမတို့ သိထားပါတယ်။ ဒါပေမဲ့ Parnpree နုတ်ထွက်သွားမယ်လို့ မျှော်လင့် မထားကြဘူး။ ဒါပေမဲ့ သူ့နုတ်ထွက်စာထဲမှာ အပြည့်အစုံရှင်းပြထားသလိုပဲ သူ့အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံအတွက် သူကြိုးပမ်းအားထုတ်မှုတွေကို လူတချို့ ဒါမှမဟုတ် အစိုးရအဖွဲ့တခုလုံး က မျက်ကွယ်ပြုခဲ့တယ်လို့ သူခံစားရတယ်လို့ ကျမမြင်ပါတယ်။ သူရေးထားပုံအရဆိုရင် ဒုတိယဝန်ကြီးချုပ်အနေနဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူ့ရဲ့ကြိုးပမ်းလုပ်ဆောင်မှုတွေကို ဝန်ကြီးချုပ် Srettha အစိုးရအဖွဲ့အနေနဲ့ ချီးကျူးပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ စိတ်အားထက်သန်မှုကို ပိုပြီးတန်ဖိုးထားသင့်တယ်လို့ ယူဆထားပုံရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်Parnpree နုတ်ထွက်သွားတာဟာ အစိုးရအဖွဲ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခုပါပဲ။

ဗွီအိုအေ။ ။ ဒီတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ Parnparee ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ အရင်ထိုင်းအစိုးရနဲ့ ဘယ်လိုကွာခြားသလဲ၊ နောက်ပြီး Parnpree နုတ်ထွက်တဲ့ကိစ္စက နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။

Lalita Hanwong: ကျမ သူနဲ့ တွေ့ဆုံ စကားပြောဖူးပါတယ်။ သေချာတာကတော့ သူ့ကျွမ်းကျင်တဲ့နယ်ပယ်ထဲမှာ မြန်မာနိုင်ငံမပါဘူးလို့ ကျမ ပြောလို့ရတယ်။ ဒါပေမယ့် ထိုင်းအစိုးရဝန်ကြီးအနေနဲ့ မြန်မာ့အရေးကို သူပိုသိချင်တယ်၊ လေ့လာချင်တယ်။ မြန်မာ့အရေးဟာ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ကိစ္စရပ်ဖြစ်တယ်ဆိုတာ သူနားလည်တယ်လို့ ကျမမြင်ပါတယ်။ အကြမ်းဖက်မှုတွေ များလာတာနဲ့အမျှ မြန်မာနိုင်ငံဘက်ခြမ်းက ဒုက္ခသည်အများအပြား ထိုင်းနိုင်ငံထဲကို ၀င်လာနေတာပါ။ မြန်မာ့အရေးမှာ ထိုင်းက ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်ရမယ်ဆိုတာ Parnparee ခံယူထားပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်နေမယ်ဆိုရင် အာဆီယံကို ဘေးဖယ်ထားသလိုဖြစ်သွားမယ်လို့ သူက ယူဆထားပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကြားဝင်ညှိနှိုင်းတဲ့နေရာမှာ အာဆီယံရဲ့အခန်းကဏ္ဍကို Parnparee က ပိုပြီးမြှင့်တင်လိုတယ်လို့ ကျမမြင်တယ်။ မြန်မာကိစ္စနဲ့ပတ်သက်ရင် အာဆီယံနဲ့ ပူးပေါင်းလုပ်လုပ်မလုပ်လုပ် ထိုင်းအနေနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံအနေနဲ့ တက်တက်ကြွကြွဆောင်ရွက်သင့်တယ်လို့ ကျမထင်တယ်။ အာဆီယံနိုင်ငံတွေနဲ့ပဲယှဥ်ယှဥ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အခြားမြန်မာ့အိမ်နီချင်းနိုင်ငံတွေနဲ့ပဲယှဥ်ယှဥ် ထိုင်းမြန်မာနယ်စပ်မျဥ်းအရှည် ကီလိုမီတာ ၂,၄၀၀ ကျော်လောက် မရှိကြပါဘူး။ မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ထိုင်းနိုင်ငံက အဓိကမျှဝေခံစားရတာပါ။ ပထဝီအနေအထားအရဆိုရင်လည်း ထိုင်း-မြန်မာနယ်စပ်ဟာ အလွန်အရေးကြီးပြီး ဗျူဟာမြောက်တယ်လို့ ကျမမြင်တယ်။"

နမူနာအနေနဲ့ပြောရရင် မြဝတီတိုက်ပွဲကိုကြည့်ရင် ထိုင်းနိုင်ငံရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ကမ္ဘာကတွေ့ကြရမှာပါ။ ဘာကြောင့်လဲဆိုရင် မြဝတီဟာ မြန်မာနဲ့ထိုင်းနိုင်ငံကြား ဝင်ပေါက်ဖြစ်တယ်။ ဒါကြောင့် မြဝတီဟာ KNU/KNLA ဒါမှမဟုတ် ကရင်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်အောက်ကို ကျရောက်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဗျူဟာမြောက် နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းဘက်ခြမ်းက မဲဆောက်ကိုရောက်ဖို့ ထွက်ပေါက်လုံးဝရှိမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ထိုင်းရဲ့အနေအထားက ထင်တာထက် ပိုအရေးကြီးတယ်လို့ ကျမမြင်တယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံဟာ မြန်မာအတွက် အလွန်အရေးပါနေတယ်ဆိုတာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက သိပ်သဘောမပေါက်ဘူးလို့ ကျမခံစားရတယ်။"

ဗွီအိုအေ။ ။ ဒီမြဝတီတိုက်ပွဲကိစ္စမှာ ထိုင်းအစိုးရက ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့သလဲ။

Lalita Hanwong: "ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါနဲ့ပတ်သက်ပြီး ကျမ အသေအချာမသိပါဘူး။ စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့် BGF ကတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ကျမ မြင်တယ်။
BGF နဲ့ စီးပွားရေးလုပ်နေတဲ့ ထိုင်းစီးပွားရေးသမားတွေနဲ့ ထိုင်းဘက်ခြမ်းက အခြားလူတချို့နဲ့ အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ သိပါတယ်။ တခုသေချာတာကတော့ မြဝတီတိုက်ပွဲအကြောင်း ထိုင်းပြည်သူတွေ စိတ်ဝင်တစားရှိကြတာကတော့ အံ့သြစရာကောင်းပါတယ်။ သာမန်ဆိုရင် မြန်မာဘက်မှာ ဘာပဲဖြစ်ဖြစ် ထိုင်းလူထုက စိတ်မဝင်စားကြဘူး။ အခု KNLA/KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြဝတီနဲ့ တပ်စခန်း ၂၇၅ ကိုသိမ်းပိုက်နိုင်ခဲ့တာကို သူတို့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ BGF ကနေ စစ်ကောင်စီတပ်တွေကို ခေါ်လာပြီး ၂၇၅ စခန်းကို ပြန်သိမ်းပိုက်လိုက်တဲ့အပေါ်မှာ ထိုင်းလူထုက အတော်လေးစိတ်ပျက်ခဲ့ကြတယ်။

ဗွီအိုအေ။ ။ မြန်မာနိုင်ငံပဋိပက္ခတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီမှာ Parnparee ပါဝင်နေတော့ သူမရှိတော့ဘူးဆိုရင် ကော်မတီလုပ်ငန်းတွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲ။

Lalita Hanwong: နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားရေးဝန်ကြီးအသစ်တဦးကတော့ တက်လာမှာပါ။ Parnpree မရှိတဲ့ကိစ္စက ကော်တီလုပ်ငန်းစဉ်ကို ထိခိုက်စေမယ်လို့ ကျမ မထင်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဖွဲ့ထားတဲ့ (Joint Task Force) ပူးပေါင်းဆောက်ရွက်ရေးအဖွဲ့မှာ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေပါဝင်ကြတဲ့နေရာမှာ လုပ်ငန်းစဥ်တခုလုံးကို ကြီးကြပ်တာက ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ Parnpree က အဲဒီအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဆိုတော့ သူမရှိတော့ဘူးဆိုရင် အသစ်ဖြစ်လာမဲ့ နိုင်ငံခြားရေးဝန်ကြီးက အဲဒီနေရာမှာ ဆက်ပြီး တာဝန်ထမ်းဆောင်မှာပါ။ ဒီတာဝန်ဟာ အလွန်ခက်ခဲတဲ့အတွက် အပြည့်အဝထမ်းဆောင်နိုင်မဲ့ အရည်အချင်းရှိတဲ့သူတဦးကို ဝန်ကြီးချုပ် Sreetha က ရွေးချယ်မှာ သေချာပါတယ်။

တဆက်တည်းပြောပြချင်တာက အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ ထင်ကြေးပေးနေကြတာက Parnpree နုတ်ထွက်ရတဲ့အကြောင်းရင်းတခုမှာ မြန်မာကိစ္စကိုင်တွယ်ရတာ သူ့အတွက် အလွန်ခက်ခဲလွန်းတဲ့အချက်လည်းပါတယ်လို့ ပြောကြပါတယ်။ ကျမကတော့ ဒီအချက်ကို သဘောမတူပါဘူး။ သူနဲ့ တွေ့ဆုံပြောဆိုတဲ့ အတွေ့အကြုံအရဆိုရင် မြန်မာ့အရေး သူ့အတွက် စိန်ခေါ်မှုများလေလေ သူက စိတ်အားထက်သန်တာတွေ့ရပါတယ်။ သူ့အနေနဲ့ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ချင်တယ်ဆိုတာ မြင်ရပါတယ်။ ဒါပေမဲ့ ကံမကောင်းဘူးလို့ပဲပြောရမှာပါ။ ရိုလာကိုစတာလို ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးမှာ Parnpree သာမဟုတ်ပါဘူး အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးတွေလည်း ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG