သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းတင်းမာမှုနဲ့ ကန်ရောက်မြန်မာတို့အမြင်


အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ အဝေးထိန်းဒရုန်း ၃၂၀ ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။
အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ အဝေးထိန်းဒရုန်း ၃၂၀ ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။

အစ္စရေးကို အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တနင်္ဂနွေနေ့က တိုက်ရိုက် တိုက်ခိုက်ခဲ့အပြီး၊ ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။ တဖက်မှာလည်း အမေရိကန်အနေနဲ့ ဂါဇာအရေး အပြီးမှာ အစ္စရေးကို အရင်ကလို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပံ့ပိုးပေးဖို့ ခက်လိမ့်မယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်း တင်ဆက်ထားပါတယ်။

အီရန်ဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးပြီးကတည်း အစ္စရေးနဲ့ ဆယ်စုနှစ်တွေချီ ရန်ဘက် ဖြစ်ခဲ့ပေမယ့် တနင်္ဂနွေနေ့က တိုက်ခိုက်မှုကတော့ သူ့မြေပေါ်ကနေ အစ္စရေးကို တိုက်ရိုက် ပထမဆုံးအကြိမ် တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဧပြီလဆန်းက ဆီရီးယားမှာ အီရန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ အီရန် ဗိုလ်ချုပ် နှစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်ဟာ အစ္စရေး လက်ချက်လို့ စွပ်စွဲပြီး တနင်္ဂနွေနေ့က အီရန်က လက်တုံ့ပြန်တိုက်ခိုက်တာပါ။

အစ္စရေးက သူ့ကို တိုက်ခိုက်ခံရရင် ပြင်းပြန်းထန်ထန် ပြန် တုံ့ပြန်လေ့ရှိတဲ့ အပြင် အီရန်နဲ့ အစ္စရေး နှစ်ဘက်စလုံးမှာ ကမ္ဘာ့ အင်အားကြီး မဟာမိတ်နိုင်ငံတွေ ဘက်အသီးသီးက ရပ်တည်နေကြလို့ အခုအခြေအနေက ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် စိုးရိမ်ဖွယ်လို့ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေပြီး အမေရိကန်၊ မြန်မာနဲ့ နိုင်ငံတကာ အရေး စောင့်ကြည့်လေ့လာနေတဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ မြန်မာ လွှတ်တော်အမတ်တဦး ဖြစ်သူ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“အစ္စရေးက ဟားမတ်စ်ကိစ္စကိုကြည့်လို့ရှိရင် သူက သူ့ကို ထောက်ခံနေတဲ့ အမေရိကန် အတွက်တောင် စိတ်ဆိုးလောက်အောင် သူက ဒေါနဲ့ မာန်နဲ့ အင်နဲ့ အားနဲ့ ပြခဲ့တဲ့ အစ္စရေး။ အစ္စရေးက တခြားနိုင်ငံတွေနဲ့ မတူဘူး။ အီရန်ကလည်း သမိုင်းဝင်၊ ရာဇဝင် ရန်သူကြီးအတွက်ကတော့ သူကလည်း ကြိုတင် ပြင်ဆင်ပြီးသား။ သူက စတိုက်ကတည်းက ပြင်ဆင်ပြီးသား။ တချိန်တည်းမှာပဲ အစ္စရေးက တိုက်နိုင်တယ်ဆိုတာ သိလို့ ကြိုပြင်ဆင်ပြီးသား။ အဲ့တော့် ဒီစစ်ပွဲကြီးက ဉာဏ်ရည်ရော၊ နည်းပညာရော၊ မဟာမိတ်အကူအညီတွေရောနဲ့ တော်တော် ဆိုးဆိုးရွားရွား ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။”

အစ္စရေး တိုက်ခိုက်ခံရပြီးပြီးချင်း အမေရိကန် သမ္မတ အပါအဝင် ထိပ်တန်းတာဝန်ရှိသူ အားလုံးက အစ္စရေးနဲ့ အတူ ရပ်တည်ကြောင်း အကြိမ်ကြိမ် ထုတ်ပြောသလို တကယ်လည်း အမေရိကန်နဲ့ မဟာမိတ် ဗြိတိန်တို့က အီရန် ဒရုန်းတွေကို ကြားဖြတ် ဟန့်တား ပေးခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ ဂါဇာ အရေးကိစ္စတွေကြားမှာ အီရန် စစ်ပွဲကို အမေရိကန်က တိုက်ရိုက် ပါလာနိုင်ခြေကတော့ အပြည့်အဝ ပြောလို့မရသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အမေရိကန် နိုင်ငံရေး စောင့်ကြည့်နေတဲ့ အိုဟိုင်းယိုး ပြည်နယ်က မြန်မာတဦးဖြစ်သူ ဦးကိုကိုသော်ကတော့ အမေရိကန်က ဘေးကဝန်းရံတာမျိုးပဲ လုပ်ဖို့ များတယ်လို့ ရှုမြင်ပါတယ်။

“အီရန်နဲ့ အမေရိကန်က နဂိုကတည်းက ကျောင်းတော်က ရန်စ ရှိပြီးသားဆိုတော့ အမေရိကန်က အီရန်ကို အစ္စရေးအပေါ် မတိုက်အောင် တတ်နိုင်သလောက်တော့ အစ္စရေးကို မတိုက်အောင်သော်လည်းကောင်း၊ တခြားနည်းနဲ့သော်လည်းကောင်း၊ စောင့်ကြည့်ပြီးတော့ တိုက်သင့်ရင် တိုက်မယ်ဆိုတဲ့ သဘောမျိုးတော့ ရှိပါတယ်။ ၅၀-၅၀ ပေါ့ဗျာ။ အမေရိကန် ဝင်လာမယ် ဆိုလို့ရှိရင်လည်း အခြေအနေက သိပ်မကောင်းဘူးပေါ့။”

အမေရိကန်က အရှေ့အလယ်ပိုင်းမှာ အစ္စရေးကို ဗဟိုပြုတဲ့ မူဝါဒ ခိုင်ခိုင်မာမာ ရှိပြီး ဖြစ်လို့ အစ္စရေး အတိုက်ခံရရင် ဝင်ကူညီတယ်ဆိုတာ အဆန်းမဟုတ်ပေမယ့် အခုအရေးမှာတော့ ရုရှားနဲ့ တရုတ် အင်အားကြီးနိုင်ငံတွေက ဘယ်လို ကစားမလဲဆိုတာ ကြည့်ရမှာ ဖြစ်သလို အမေရိကန်နဲ့ အစ္စရေးက ဘယ်လောက် အတိုင်းအတာနဲ့ တုံ့ပြန်မလဲဆိုတာက အရေးကြီးတယ်လို့ ဒေါက်တာ တင့်ဆွေကတော့ သုံးသပ်ပါတယ်။ တဘက်မှာလည်း ရေရှည်အတွက်က အမေရိကန်မှာ ဘယ် အစိုးရတက်တက် အစ္စရေးမူဝါဒက ပြောင်းလဲ မှာ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် တယောက် လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့လို့ ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သာ အာဏာပြန်ရခဲ့ရင် အခြေအနေက ပိုဆိုးဖွယ် ရှိတယ်လို့ သူက ရှုမြင်ပါတယ်။

“အမေရိကန် ဆိုတာမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်သာမကဘဲ ဒေါ်နယ်ထရမ့်သာ ဆိုရင် ပိုတောင်မှ ဆိုးမလားလို့ တောင် ကျွန်တော် စိုးရိမ်တယ် ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒေါ်နယ်ထရမ့်က အီရန်ကို တော်တော်လေး ခါးခါးသီးသီး သူ့ (၄) နှစ်အတွင်းမှာ ပြောခဲ့၊ ဆိုခဲ့တာကိုး။ နျူကလီးယား မရှိစေရဆိုတာမျိုး စသဖြင့်ပေါ့လေ။ အဲ့တော့ အမေရိကန်မှာ ဘယ်သမ္မတ တက်တက်၊ အစ္စရေးဟာ သူ့ရဲ့ အဓိက မဟာမိတ်ကြီး ဖြစ်တဲ့ အတွက် အစ္စရေးဘက်ကတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်ထောက်ပံ့ကူညီလိမ့်မယ် ဖြစ်တယ်။ တချိန်တည်းမှာ အီရန်ကလည်း သူ့ရဲ့ မဟာမိတ်တွေက ရှိပြီးသား ဖြစ်တယ်။ ဆိုတော့ ထိပ်တိုက် ရင်ဆိုင်မှုကြီးက ကျယ်ပြန့်လာမယ်လို့ ကျွန်တော် ယူဆတယ်။ သို့သော် ဘယ်လောက်ထိတော့ ကျယ်ပြန့်မလဲ၊ ဆိုးမလဲကတော့ ပြောဖို့ စောသေးတဲ့ အတွက် ကျွန်တော်တို့က နေ့စဥ်နေ့တိုင်း၊ နာရီပိုင်းနဲ့ အမျှ စောင့်ကြည့်နေရမယ့် ကမ္ဘာ့သတင်းကြီး ဖြစ်ပါတယ်”

တဘက်မှာလည်း အမေရိကန် အနေနဲ့ ပြည်တွင်းမှာ စီးပွားရေး၊ ပါတီကြီး နှစ်ခုကြား နိုင်ငံရေး အားပြိုင်မှု၊ လူဝင်မှုကြီးကြပ်ရေး ပြဿနာ အစရှိတဲ့ ကိစ္စရပ်တွေ ဖြစ်နေသလို နိုင်ငံတကာမှာလည်း ယူကရိန်းနဲ့ ဂါဇာ စစ်ပွဲအပြင် ထိုင်ဝမ် ရေလက်ကြားက တရုတ်နဲ့ တင်းမာမှု၊ မြောက်ကိုရီးယား အရေး အစရှိတဲ့ အရေးကိစ္စတွေ တပြိုင်တည်း ရှိနေချိန်မှာ အီရန်နဲ့ စစ်ပွဲကြီး ဖြစ်တဲ့ အထိ အစ္စရေးကို အပြည့်အဝ ထောက်ခံပေးဖို့ကတော့ ခက်တယ်လို့ ဦးကိုကိုသော်က ရှုမြင်ပါတယ်။

“အမေရိကန် ပြည်သူလူထုအနေနဲ့ အတော်များများက အခုလောလောဆယ်မှာ စီးပွားရေးနဲ့ ဘာနဲ့ ပတ်သက်ပြီးတော့ စစ်ပွဲကို ဝင်တာတွေကို တချို့တွေက သိပ်ပြီးလက်မခံတော့ဘူးဆိုတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ အစ္စရေးကလည်း ပါလက်စတိုင်း ဂါဇာကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ဇာတ်ကြမ်းတိုက်ပြီးတော့ တော်တော်လေး လုပ်လိုက်တဲ့ဟာကို ဒီဘက်မှာရှိတဲ့၊ အမေရိကားမှာကလည်း နိုင်ငံ ပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံကြီးဆိုတော့၊ အစ္စရေး လူမျိုးတင်မကဘူး၊ အာရပ်တွေကလည်း အများကြီး ဒီမှာ ရှိတော့ သူတို့ရဲ့ မျက်နှာကိုလည်း ထောက်ရမယ့် သဘောတွေ ရှိတဲ့ အခါကြတော့ ထောက်ပံ့တာတွေ၊ ဘာတွေက လျော့သွားမယ်လို့တော့ ထင်ပါတယ်။ ပြည်သူလူထုကလည်း သူတို့မှာ ကိုယ့်ရဲ့ ပြည်တွင်းရေးကို ပိုပြီးတော့ စိတ်ဝင်စားစေချင်တယ်။ ကိုယ့်ရဲ့ နိုင်ငံရဲ့ စီးပွားရေးက အရင်လောက်ကြီး မကောင်းတော့ဘူးလေ။ ဒီ ငွေဖောင်းပွနှုန်းနဲ့ ဘာနဲ့ ဆိုတော့၊ ဟိုးတုန်းကလိုချည်း အစ္စရေးကို ၁၀၀ % အပြည့်ထောက်ပံ့မယ့် အစား ဘေးကနေ ဝန်းရံပေးတဲ့ အဆင့်လောက်ပဲ ကူပေးစေချင်တယ် သဘောမျိုး ရှိမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။“

ဂါဇာအရေး လွှမ်းမိုးလာတဲ့ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:05:56 0:00

အဲဒီလို အမေရိကန်မှာ ထည့်သွင်းစဥ်းစားရမှာ တွေ ရှိနေသလို စစ်ပွဲ ကြီး အသွင် ဖြစ်ခဲ့ရင် အမေရိကန် အပါအဝင် ကမ္ဘာနဲ့ တဝန်း ထိခိုက်နစ်နာမယ့် အခြေအနေကလည်း ရှိနေပါတယ်။ ဒေါက်တာ တင့်ဆွေကတော့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကလည်း စိုးရိမ်စရာလို့ ပြောပါတယ်။

“အီရန်က ဒီအစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတစင်းကို သူက ဖမ်းထားလိုက်တယ်။ သင်္ဘောကလည်း ကုန်တင် သင်္ဘော။ ကုန်စည်စီးဆင်းတဲ့ သင်္ဘော။ ဆိုတော့ကာ ဘယ်နေရာဖြစ်ဖြစ် စစ်ပွဲ ဖြစ်ရင် ကုန်စည် စီးဆင်းမှုသည် ထိခိုက်သွားမယ်။ နောက် အရှေ့အလယ်ပိုင်းက တကယ့် ကမ္ဘာ့ရဲ့ ရေနံတွင်းကြီး ရှိတဲ့ နေရာဆိုတော့ကာ ရေနံစျေးကိုလည်း ထိခိုက်သွားနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ တကယ်လို့ အီရန်ရဲ့ ရေနံသိုက်ကို အစ္စရေးက ထိပါးမယ်ဆိုရင် ဒါဟာ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ စီးပွားရေး နောက်ဆက်တွဲတွေ ဖြစ်လာစရာ အကြောင်းရှိတယ်လို့ ကျွန်တော် စိုးရိမ်ပါတယ်။”

လက်ရှိမှာတော့ အီရန်ဘက်က သူ့ရဲ့ အစ္စရေး အပေါ် လက်တုံ့ပြန် စစ်ဆင်ရေး အောင်မြင်တယ်လို့ ကြေညာထားပြီး နောက်ထပ် တိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပေမယ့် အစ္စရေးက ပြန်တိုက်လာရင်တော့ ဒီ့ထက်ပို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ပြောထားပါတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကတော့ အီရန်တိုက်ခိုက်မှုကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ မြင်တက်လာတာကို စိုးရိမ်ကြောင်း ပြောဆိုပြီး တိုက်ခိုက်မှုကို ပြစ်တင်ကြပါတယ်။ တရုတ်နိုင်ငံကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတကာနဲ့ အထူးသဖြင့် သြဇာကြီးတဲ့ နိုင်ငံတွေက အပြုသဘောဆောင် ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကလည်း အရှေ့အလယ်ပိုင်းဒေသကို ပိုပြီး ပြင်းထန်တဲ့ စစ်ပွဲကြီးထဲ တွန်းပို့ပြီး အကြမ်းဖက်မှုတွေကို အရှိန်အဟုန်မြင့်စေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမှ မလုပ်ကြဖို့ သက်ဆိုင်သူ အားလုံးကို မေတ္တာရပ်ခံထားပါတယ်။

တဘက်မှာလည်း အစ္စရေးဘက်က “ကြီးကြီးမားမား တုံ့ပြန်မယ်” လို့ ကြေညာထားတဲ့ အပြင် လက်ရှိ အာဏာရ ဘင်ဂျမင် နေတန်ယာဟု အစိုးရက အစ္စရေးနိုင်ငံသမိုင်းမှာ သဘောထား အတင်းမာဆုံးအစိုးရတွေထဲက တခု လို့ လေ့လာသူတွေ ညွှန်းဆိုလေ့ရှိလို့ စစ်ပွဲကြီး အဖြစ် အသွင်ကူပြောင်းနိုင်မလား ဆိုပြီး နိုင်ငံတကာက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။

Forum

XS
SM
MD
LG