သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအပေါ် အီရန်တိုက်ခိုက်မှု G-7 ခေါင်းဆောင်တွေ ဆွေးနွေးမည်


အစ္စရေးနိုင်ငံပေါ် ပစ်ခတ်တိုက်ခိုက်သော အီရန် ဒုံးကျည်များ
အစ္စရေးနိုင်ငံပေါ် ပစ်ခတ်တိုက်ခိုက်သော အီရန် ဒုံးကျည်များ

G-7 လို့ခေါ်တဲ့ ကမ္ဘာ့ စက်မှုထိပ်သီးအင်းအားကြီးအဖွဲ့ဝင် ၇ နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ အီရန်က အစ္စရေးကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဒီနေ့မှာ ဗွီဒီယိုနဲ့ အစည်းအဝေးပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေး ကျင်းပဖို့အတွက် G7 အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ အီတလီနိုင်ငံက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေတွေ နောက်ထပ်ပိုပြီးတော့ မတည်မငြိမ် ဖြစ်လာနေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အထူးပဲ စိုးရိမ်မိပြီး ဒါကို ရှောင်ရှားနိုင်ဖို့အတွက် ဆက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ် Giogia Meloni က X လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။ ဒါ့အပြင် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကလည်း ဒီထက် ပိုစိုးရိမ်စရာကောင်းတဲ့ စစ်ရေးပြဿနာတွေကို ရှောင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံက အစ္စရေးကို ဒုံးကျည်တွေ အဝေးထိန်းဒရုန်းတွေနဲ့ ဒေသစံတော်ချိန် မနေ့ညပိုင်းက တိုက်ခိုက်ခဲ့ပြီး၊ ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ဆီရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ အစ္စရေးဘက်က တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်ရဲ့ အကြီးတန်းတာဝန်ရှိသူ တပ်မှူး အများအပြား သေဆုံးသွားခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

အခုလို အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့တာကြောင့် ၂ နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ အကြီးအကျယ် မြင့်တက်လာခဲ့ပြီး၊ အမေရိကန်တပ်ဖွဲ့တွေကလည်း အစ္စရေးဘက်ကနေ အီရန်ရဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တာတွေ လုပ်ခဲ့ရပါတယ်။ အီရန်က အစ္စရေးကို ဒုံးကျည်အစင်း ၃၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီး၊ အဲဒီထဲက ၉၉ %ကို အစ္စရေးရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်က အစ္စရေး လေပိုင်နက်အပြင်ဘက်မှာ ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးတပ်ဖွဲ့ပြောခွင့်ရ Daniel Hagari က ဒီနေ့ ပြောလိုက်ပါတယ်။

Forum

XS
SM
MD
LG