သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အရေးယူဖို့ လုံခြုံရေးကောင်စီကို အစ္စရေးတောင်းဆို


အီရန်က ပစ်ခတ်တဲ့ဒရုန်းနဲ့မစ်ဇိုင်းတွေကို အစ္စရေးက ပစ်ချနေစဉ် (ဧပြီ ၁၄၊ ၂၀၂၄)
အီရန်က ပစ်ခတ်တဲ့ဒရုန်းနဲ့မစ်ဇိုင်းတွေကို အစ္စရေးက ပစ်ချနေစဉ် (ဧပြီ ၁၄၊ ၂၀၂၄)

အစ္စရေးအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အီရန်နိုင်ငံကို ပြစ်ဒဏ်ခတ်ဖို့နဲ့ နောက်ထပ်မလုပ်အောင် တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ အီရန်ကတော့ ဒီလဆန်းပိုင်း ဆီးရီးယားနိုင်ငံက သံရုံးကို တိုက်ခိုက်မှုအတွက် သံသယရှိတဲ့ အစ္စရေးကို လက်တုံ့ပြန်ခဲ့တာလို့ ပြောထားတာပါ။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Gilad Erdan ကတော့ အီရန်အပေါ် လုံခြုံရေးကောင်စီက အရေးယူရမယ့် အချိန်ဖြစ်ကြောင်း မနေ့ကပဲ ပြောဆိုလိုက်ပြီး၊ အကြမ်းဖက်လုပ်ရပ်အဖြစ် ရှုတ်ချဖို့၊ အီရန်အထူးတပ် တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အီရန်နိုင်ငံထဲကနေ တိုက်ရိုက်တိုက်ခိုက်တာ ခံခဲ့ရပြီးနောက် အစ္စရေးက လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးလုပ်ဖို့ တောင်းခံခဲ့တာပါ။

အီရန်ကတော့ တိုက်ခိုက်ရေးဒရုန်း ၁၇၀၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ၁၂၀ နဲ့ ခရုဇ်မစ်ဇိုင်းဒုံး ၃၀ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အီရန်က ပစ်ခတ်ခဲ့တဲ့ လက်နက်တွေရဲ့ ၉၉ ရာခိုင်နှုန်းကို အမေရိကန် အပါအဝင် မဟာမိတ်တွေနဲ့အတူ အစ္စရေးရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း အစ္စရေးက ပြောဆိုခဲ့တာပါ။

အစ္စရေးသံအမတ်ကြီးကတော့ အီရန်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ အစ္စရေးက သတိပေးနေတာကို လုံခြုံရေးကောင်စီက နားမထောင်ခဲ့ဖူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ အီရန်ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေပြီး အစ္စရေးအနေနဲ့ လက်တုံ့ပြန်ခွင့် ရှိတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်ကတော့ ဧပြီလ ၁ ရက် ဒမတ်စကတ်မြို့တော်ကသံရုံး တိုက်ခိုက်ခံရမှုအတွက် လုံခြုံရေးကောင်စီက တရားဝင် ကန့်ကွက်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ရွေးချယ်စရာ မရှိတော့ဘူးလို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG