သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွယ်ဂျယ်ဒေသ ထိန်းချုပ်လိုက်ကြောင်း KIA ကြေညာ


လွယ်ဂျယ်မြို့ဆိုင်းဘုတ်ရှေ့တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ
လွယ်ဂျယ်မြို့ဆိုင်းဘုတ်ရှေ့တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ

တရုတ်- မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၂ တပ်ဖွဲ့ဝင်တွေဟာ မနေ့ညပိုင်းက တရုတ်နိုင်ငံဘက်ကို ဆုတ်ခွာသွားတဲ့နောက် ဒီမနက်မှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဖားကန့်မြို့နယ် နန့်ယားအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် တနေ့လုံးနီးပါး တိုက်ပွဲ ပြင်းထန် နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီကနေ့ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းကို ကိုစည်သူ က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၂၇ ရက်နေ့မှာ မိုးမောက်လွယ်ဂျယ်လမ်းက စစ်ကောင်စီအခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့သလို ၂၈ ရက်နေ့မှာတော့ လွယ်ဂျယ်မြို့ကို ဝိုင်းရံ ပိတ်ဆို့ထားခဲ့ပါတယ်။ အဝိုင်းခံခဲ့ရတဲ့ လွယ်ဂျယ်မြို့မှာ အခြေစိုက်တဲ့ ခလရ ၁၄၂ ဟာ တရုတ်နိုင်ငံကို ဝင်ရောက်ပြီး မူဆယ်မြို့ဘက်ကို ဆုတ်ခွာဖို့ ညှိနှိုင်းတာတွေ ရှိကြောင်းနဲ့ တရုတ်ဘက်က သဘောတူညီချက်မရခဲ့ကြောင်းလည်း ဒေသတွင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေက ၁၀ကျော်ပိတ်ဆို့ခဲ့တဲ့နောက် တနင်္လာနေ့ ညပိုင်းက လွယ်ဂျယ်အခြေစိုက် ခလရ ၁၄၂ တပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံဘက်ကို ဆုတ်ခွာသွားခဲ့ကြောင်း လွယ်ဂျယ်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ မနေ့ည ၁၀နာရီ ဝန်းကျင်ကတော့ သူတို့ ဆုတ်သွားပြီလို့ ကြားတယ်။ တရုတ်ပေါက်ဘက်ကို ထွက်သွားတယ်တဲ့။ တရုတ်ပြည်ဘက်ကိုပေါ့လေ။ လောလောဆည်ဆည်ကတော့ ကျနော်တို့ နားလည်ထားတာကတော့ အားလုံး ထိန်းချုပ်လိုက်ပြီလို့ နားလည်ထားတာပေါ့။ ထိန်းချုပ်ပြီဆိုတာနဲ့ အုပ်ချုပ်ရေးကတော့ ဘာပဲဖြစ်ဖြစ် KIO အစိုးရကတော့ သူတို့ မကြာခင်ပဲ စတော့မယ် ထင်တာပဲ။”

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ လွယ်ဂျယ်အခြေစိုက်တပ်စခန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာ ဟုတ်မှန်ကြောင်း ပြောဆိုပြီး တရုတ်နိုင်ငံဘက် ဆုတ်ခွာတာဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။ တဆက်တည်းမှာပဲ ဒီကနေ့မနက်မှာ လွယ်ဂျယ်တပ်စခန်းနဲ့ မြို့တွင်းရှိ ဋ္ဌာနဆိုင်ရာရုံးတွေကို ရှင်းလင်းရေးဆောင်ရွက်နေကြောင်း အခုလို ပြောပါတယ်။

“ မနေ့က ဘယ်အချိန်လောက်ဆိုတာတော့ ကျနော်တို့က အတိအကျတော့ မသိဘူးနော်။ ဒါပေမဲ့ သူတို့က ထွက်သွားပြီ။ ဘယ်ဘက်ကို ထွက်သွားတယ်ဆိုတာလဲ ကျနော်တို့ အတိအကျမသိဘူး။ အခုလောလောဆယ်ကတော့ သူတို့ရဲ့ ခြေရာတွေကို လိုက်နေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ အခုဒီနေ့ ကျနော်တို့ ရှင်းလင်းရေးလုပ်နေပါတယ်။ သူတို့ရဲ့တပ်စခန်းတို့ ၊ မြို့တွင်း ဋ္ဌာနဆိုင်ရာတွေ၊ ရုံးတွေ ကိုလည်း ကျနော်တို့ ဒီနေ့ပဲ ရှင်းလင်းရေးလုပ်နေပါတယ်။”

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ကြောင်း ဖော်ပြတာရှိပေမဲ့ ဗိုလ်မှုးကြီးနော်ဘူက သိမ်းဆည်းရမိတဲ့အခြေအနေ မသိရသေးကြောင်း၊ စခန်းက ထွက်ခွာသွားသူတွေဟာ ခြေလျင်ထွက်ခွာသွားတာကြောင့် စစ်လက်နက်ပစ္စည်းတွေ ကျန်ခဲ့နိုင်ကြောင်း ပြောပါတယ်။ ခလရ ၁၄၂ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာနဲ့ ပတ်သတ်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိပါဘူး။

ဒီကနေ့မနက်ပိုင်းမှာလည်း ဖားကန့်- ကာမိုင်းလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ အဓိက စစ်ဆေးရေးဂိတ် တည်ရှိရာ နန့်ယားစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်နေပါတယ်။ ဗိုလ်မှုးကြီးနော်ဘူက ဒီမနက်တိုက်ပွဲဖြစ်ပွားတာရှိပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်တာ ရှိတယ်လို့ သတင်းရကြောင်း အခုလို ပြောပါတယ်။

“ ဒီမနက်အစောကြီးကနေ စပြီးမှ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ လေကြောင်းနဲ့ ဗုံးလာကြဲတဲ့အဆင့်တွေတော့ ရှိပါတယ်။”

နန့်ယားရွာက ပြည်သူတွေကတော့ တောတောင်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်အချို့ မီးလောင်ပျက်ဆီးတာတွေလည်း ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ဒီမနက်တော့ ၅နာရီခွဲကနေ နန့်ယားတပ်စခန်းမှာ တိုက်ပွဲဖြစ်နေတာ။ အခုထိပေါ့။ အကြီးအကျဖြစ်တာပေါ့နော်။ တနာရီကျော်ကျော်ဖြစ်တယ်။ အခုက လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ချတာ အသံပဲ ကြားတယ်။ ဒီမနက် လေယာဉ်နဲ့ ဂျက်ဖိုက်တာနဲ့ ၃ခေါက်ပေါ့နော် လာပစ်ကြတယ်။ ပွိုင့်ဖိုက်နဲ့လား ဘာလဲမသိဘူး အဲဒါနဲ့ပစ်တာ။ ပစ်ပြီးမှ ဗုံးနဲ့ လာကြဲတာ။ အခုတောထဲမှာ ရှောင်နေတာ။ ဒီမနက်ကတော့ ရွာနားမှာနေတယ်။ ဒါပေမဲ့ လေယာဉ်က ခန ခန ပတ်လာတော့ အခုက မရှောင်လို့ မဖြစ်ဘူးပေါ့နော။”

နန့်ယားတပ်စခန်းမှာ ဖားကန့်အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ပူးတွဲ စခန်းထိုင်နေတာဖြစ်ပြီး KIA ဘက်က တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်းတွေက ထိုးစစ်ဆင်နေ တာဖြစ်ပါတယ်။ ဒီနေ့မနက်ခင်းမှာပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ပြီး လူ၊ လက်နက် ဖမ်းဆီးရမိတာ ရှိကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီနေ့ မနက်ပိုင်းက စပြီး ဖားကန့်မြို့နယ်မှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေခဲ့ရာ နေ့ခင်းပိုင်းမှာတော့ နေရာအချို့မှာ ဖုန်း အဆက်အသွယ် ပြန်ရခဲ့ပါတယ်။

KIA က ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ထဲ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပြီး ဖါးကန့်အဝင်လမ်းမှာရှိတဲ့ ဝှေခါ၊ နန့်တိန်းနဲ့ တာမခန်အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေ ပြီးခဲ့တဲ့လပိုင်းက သိမ်းယူတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG