သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်မှူး၊ တပ်သားတချို့ တိုက်ပွဲအတွင်း ဖမ်းဆီးမိကြောင်း KIA ကြေညာ


ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ

ကချင်ပြည်နယ် မိုးမောက်-လွယ်ဂျယ်လမ်းက စိန်လုံစခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်က ဗျူဟာမှုးနဲ့ တပ်ဖွဲ့ဝင်အတော်များများကို စနေနေ့က ဖမ်းဆီးရမိကြောင်း KIA ဘက်က အတည်ပြုပြောကြား လိုက်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ အတန်ငယ် ငြိမ်သက်နေပြီး ဒီမနက်မှာတော့ မိုးမောက်မြို့နယ်ဘက်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာရှိခဲ့သလို ဝိုင်းမော်မြို့နယ်ဘက်မှာ တော့ KIA နဲ့ ဝူယန် ပြည်သူ့စစ်အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ကချင်ပြည်နယ်က နောက်ဆုံးရ သတင်းတွေကို ကိုစည်သူ က စုစည်းတင်ပြထားပါတယ်။

မိုးမောက်မြို့နယ်၊ စိန်လုံရွာက စစ်ကောင်စီရဲ့ဗျူဟာကုန်းကို ဒီလ ၁ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့တဲ့နောက် ဆုတ်ခွာသွားတဲ့ ဗျူဟာမှုးနဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာမှာ စစ်ကောင်စီရဲ့ ဗျူဟာမှုးကို KIA ဘက်က သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့တာပါ။

ဒီဖမ်းဆီးမှုဟာ ဒီလ ၆ရက်နေ့က မိုးမောက်မြို့နယ် ကျောက်စခန်းရွာအနီးမှာ ဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။

“ စိန်လုံတိုက်ပွဲဖြစ်တဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ ဗျူဟာမှုးနဲ့ စစ်သားအဖွဲ့တွေပေါ့နော်။ ဟို မိုးမောက်နားက ကျောက်စခန်းဝန်းကျင်မှာ ကျနော်တို့နဲ့ ပြန်ပြီးမှ ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေဖြစ်တယ်။ ကျနော်တို့ အဖွဲ့တွေလည်း လိုက်ရှင်းတဲ့ သဘောမျိုးပေါ့ကွာ။ အဲဒီအချိန်မှာ ဗျူဟာမှုးအပါပေါ့ စစ်သားအတော်များများကိုတော့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းမိတာရှိပါတယ်။ ၆ရက်နေ့မှာဖြစ်ပါတယ်။ အဲဒါကတော့ ဧပြီလ ၆ရက်နေ့ စနေနေ့မှာဖြစ်ပါတယ်။”

KNG ခေါ် ကချင်သတင်းဌာနကတော့ ဖမ်းဆီးခံရတဲ့ ဗျူဟာမှုးဟာ ဗိုလ်မှုးကြီး ထွန်းထွန်းလတ်ဖြစ်ပြီး သူနဲ့အတူ စစ်ကောင်စီတပ်သား ၂၆ဦးခန့် အရှင်ဖမ်းမိကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ သူ့အနေနဲ့ ဗျူဟာမှုးအမည်နဲ့ တပ်သားဦးရေကို အတိအကျ မသိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ရက်နေ့ကလည် မိုးမောက်မြို့နယ် မန်နောင်ကျေးရွာဘက်က တိုက်ပွဲမှာ တပ်မ ၈၈ တပ်မမှုး ဗိုလ်မှုးချုပ် မင်းထွဋ်ဦး ဒဏ်ရာရခဲ့ပြီး ဗန်းမော်ဆေးရုံမှာ သေဆုံးခဲ့ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက မိုးမောက်နဲ့ မံစီမြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ ဒီရက်တွေမှာတော့ အတန်အသင့်ငြိမ်သက်နေပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဒီမနက် ၄နာရီခွဲဝန်းကျင်လောက်မှာ မနက်အစောကြီးပေါ့နော်။ အဲဒီအချိန်မှာ ဟို နားလယ်၊ ခူးလီဝန်းကျင် လောက်မှာ ပေါ့နော်။ စကစ ဘက်ကနေ ဗုံးကြဲတယ်ဆိုတဲ့သတင်းထွက်ပါတယ်။ အဲဒီဘက်မှာကတော့ တိုက်ပွဲတွေကတော့ မရှိဘူး။ KIA အဖွဲ့တွေပေ့ါနော်။ နယ်လှည့်တာတွေ၊ နယ်မြေရှင်းလင်းရေးလုပ်တာ အဲဒါတွေကို များထင်လို့ ဗုံးကြဲတာလားတော့ မသိဘူး။ အတိအကျတော့ မသိရဘူး။”

မိုးမောက်ဒေသခံတဦးကတော့ မိုးမောက်မြို့နယ် သာစည်ရွာဘက်မှာ Y 12 လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ဝိုင်းမော်မြို့နယ် ဝူယန်နဲ့ ဝါရှောင်ရွာဘက်တွေမှာ KIA နဲ့ ဝူယန်ပြည်သူ့စစ်အကြား စစ်ရေး တင်းမာမှုတွေ ရှိနေကြောင်း ၊ ဝိုင်းမော်အခြေစိုက် ခလရ ၅၈မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း ဝိုင်းမော်ဒေသခံတဦးက ပြောပါတယ်။

“ ဝိုင်းမော်ကနေ ဝါးရှောင်သွားတဲ့လမ်းပေါ့။ အဲဒီ ဝူယန်နဲ့ ဝါးရှောင်၊ ဝါးရှောင်မရောက်ခင်ကြားလောက်မှာတော့ နည်းနည်း တင်းမာမှုတွေတော့ ဖြစ်နေတယ်။ ထိတွေ့မှုလေးတွေ နည်းနည်းဖြစ်ပြီးတော့ လွန်ခဲ့တဲ့ သောကြာနေ့ကတည်းက ဖြစ်တဲ့ဟာ တောက်လျောက်တော့ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီနေ့တော့ နည်းနည်းငြိမ်တယ်။ တိုက်ပွဲကြီးကြီးမားမားဖြစ်တာတော့ မရှိဘူး။ ဟိုသောကြာညတုံးကတော့ နည်းနည်းဖြစ်တယ်။ ဖြစ်တဲ့အထဲမှာ ဟို ကျနော်တို့ ၅၈ ဘက်ကနေ ပစ်တဲ့ဟာတော့ နေ့စဉ်ရက်ဆက် ပစ်နေတယ်။ ”

ဝူယန်ရွာအနီး၊ မုတ်ကျိတ်ကျေးရွာနားက ဝိုင်းမော် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကျမ်းစာကျောင်းအတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ကြောင်း၊ လူအထိအခိုက်တော့ မရှိကြောင်း ပြောပါတယ်။

ဒီလ ၅ရက်နေ့ညပိုင်းက ဝူယန်ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ကို KIA ပူးပေါင်းတပ်တွေက မီးရှို့ခဲ့သလို ဝူယန်ရွာက KIA နဲ့ ဆက်စပ်တယ်ဆိုသူတွေနေအိမ်ကိုလည်း ပြည်သူ့စစ်တွေက ပြန်လည် မီးရှို့ခဲ့ပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ် KIA ဟာ ပြီးတဲ့တဲ့မတ်လ ၇ရက်နေ့က စတင်ပြီး သူတို့ဋ္ဌာနချုပ်လိုင်ဇာအနီးနဲ့ မြစ်ကြီးနား ဗန်းမော်လမ်းတလျောက် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပါတယ်။ မတ်လ ၂၇ရက်နေ့မှာတော့ မိုးမောက်- လွယ်ဂျယ်ကားလမ်းတကြောကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတလကြာကာလအတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ ငယ်စုစုပေါင်း ၆၀နီးပါးကို သိမ်းယူခဲ့ပါတယ်။ ဒီလပိုင်းမှာတော့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့လွယ်ဂျယ်မြို့ကိုလည်း KIA ထိန်းချုပ်ထားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG