သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြို့အနီးက နန့်ယားတပ်စခန်းကို KIA သိမ်းပိုက်


ဖားကန့်မြို့အနီး နန့်ယားစခန်းကို KIA သိမ်းပိုက်ခဲ့ (ဧပြီ ၁၁၊ ၂၀၂၄)
ဖားကန့်မြို့အနီး နန့်ယားစခန်းကို KIA သိမ်းပိုက်ခဲ့ (ဧပြီ ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ရဲ့ အဓိက ဝင်ပေါက်လမ်းပေါ်က နန့်ယားတပ်စခန်းကို KIA က ဒီကနေ့ မနက်မှာ သိမ်းယူ လိုက်ပါတယ်။ တချိန်တည်းမှာတော့ ဖားကန့်မြို့နယ်ရဲ့ အင်းတော်ကြီးဒေသဘက်က အခြားအဝင်လမ်းဖြစ်တဲ့ ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။ နန့်ယားဘက်မှာတော့ စခန်းလက်လွှတ်လိုက်ရပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတာတွေ ဆက်ရှိနေတာကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဖားကန့်ဒေသ တိုက်ပွဲသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

မြစ်ကြီးနား၊ မိုးကောင်းနဲ့ ဖားကန့်ကို အဓိကဆက်သွယ်ထားတဲ့လမ်းပေါ်က အကြီးဆုံး စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နန့်ယားတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီလ ၉ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းကပါ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့ မနက်မှာတော့ စခန်းကို လက်လွှတ်ခဲ့ရပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက နန့်ယားစခန်းကို သိမ်းယူခဲ့ကြောင်း နဲ့ စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း အခုလို အတည်ပြု ပြောကြားပါတယ်။

“ အခုထက်ထိ ရတဲ့ သတင်းအရကတော့ ဒီမနက် ၇နာရီဝန်းကျင်လောက်မှာ အပြီးအပိုင် သိမ်းဆည်းရမိပြီဆိုတဲ့ သတင်းပေးပို့ချက်တော့ ရပါတယ်။ ကျနော်တို့ ကြားတာကတော့ ကျနော်တို့ ဝင်စီးပြီးမှ ဖမ်းသွားတယ်ဆိုတဲ့ဟာကိုပဲ ကျနော်တို့ ကြားရပါတယ်။ ကျန်တဲ့ဟာတွေကတော့ မကြားသိရဘူး။”

ဒေသတွင်းသတင်းမီဒီယာအချို့မှာတော့ ဒီကနေ့ မနက်မှာ နန့်ယားတပ်စခန်းက အလံဖြူထောင်လက်နက် ချခဲ့တာကြောင့် စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် လူ ၃၀လောက်ကို ဖမ်းဆီးရမိကြောင်း၊ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

တချိန်တည်းမှာဘဲ ဟိုပင်-အင်းတော်ကြီးဘက်က အဝင်လမ်းပေါ်က ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အရင်ရက်ကတော့ ရဲစခန်းကို သိမ်းယူတာ ကြားသိရကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ အဲဒီဘက်မှာတော့ တိုက်ပွဲ ဆက်ဖြစ်တယ်ဆိုတာ ကြားပါတယ်။ တနေ့က အဲဒီ ရဲစခန်းကို သိမ်းလိုက်ပြီလို့ပဲ ပြောကြတာပဲ။ ”

နန့်ယားတပ်စခန်းကို KIA က သိမ်းယူပြီးနောက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်းက ထပ်မံ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေကြောင်းနဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ ရွာသူ၊ ရွာသားတွေလည်း နေရပ် မပြန်ရဲသေးကြောင်း နန့်ယား ဒေသခံတဦးက ပြောပါတယ်။

“ လေယာဉ်က ခုနလေးတင် ဗုံးလာကြဲသေးတယ်။ အခု ကျနော်တို့ တောထဲမှာပဲ ပုန်းနေတယ်။ အခုက မပြန်ရသေးဘူး။ နန့်ယားမှာတော့ အိမ်တွေတော်တော်လောင်သွားပြီပဲ။ ၁၀လုံးတော့ ကျော်မယ်ထင်တယ်။”

ဆယ်ဇင်းရွာဘက်မှာလည်း တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြကြောင်း ဆယ်ဇင်းရွာသားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“ လောလောဆည်ကတော့ ရွာသူ၊ ရွာသားတွေကတော့ ဘေးလွတ်ရာ ရှောင်ကြတာပေါ့ဗျာ။ ကျနော်ကြားတာကတော့ စစ်ကိုင်းတိုင်းဘက်တွေ၊ စစ်ကိုင်းတိုင်းဘက်ဆိုတာ ဟုမ္မလင်းဘက်ခြမ်း ရှောင်တဲ့သူလည်း ရှိတယ်။ နောက်တခါ ဒီဘက် အင်းတော်ကြီးဘက်ပေါ့။ အင်းတော်ကြီးဘက်၊ နောက် မိုးညှင်းမြို့နယ်ထဲ ရှောင်တဲ့သူတွေ များပါတယ်။ တရွာလုံးနီးပါးပါပဲဗျာ။ လောလောဆည်တော့ အိမ်စောင့်တဲ့သူ အနည်းငယ်ပဲ ကျန်တယ်လို့ ပြောတယ်။”

ဆယ်ဇင်းကျေးရွာဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာတည်ရှိပြီး စစ်ကောင်စီတပ်နဲ့ SNA ခေါ် ရှမ်းနီ အမျိုးသားတပ်တွေ ပူးပေါင်း စခန်းထိုင်ထားတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် အတွင်းကလည်း စစ်ကောင်စီပူးတွဲတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာရှိ နေအိမ်အများအပြား မီးလောင်ပျက်ဆီးခဲ့ရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်တိန်း၊ အင်းတော်ကြီး-ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင် စတဲ့ တပ်စခန်းတွေကို သိမ်းယူထားတာပါ။

ဒီနှစ် မတ်လဆန်းမှာတော့ ဋ္ဌာနချုပ်လိုင်ဇာအနီးနဲ့ ဝိုင်းမော်၊ မိုးမောက်၊ မံစီမြို့နယ်တွေမှာလည်း KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တလတာ ကာလအတွင်းမှာ တပ်စခန်းကြီး ငယ် ၆၀ ခန့်ကို သိမ်းယူခဲ့သလို တရုတ်-မြန်မာနယ်စပ်ဒေသက ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ လွယ်ဂျယ် ကိုလည်း သိမ်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီး ဒေသခံတွေ တိမ်းရှောင်တာလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG