သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ တိုက်ပွဲပြင်းထန်ဆဲ


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေ စနေ တနေ့လုံး ရှိသလို ညပိုင်းမှာလည်း ပစ်ခတ်သံတွေ ကြားနေရပါတယ်။ ထိုင်းဘက်ကို စစ်ဘေးရှောင်သူတွေ ထောင်နဲ့ချီပြီး ရောက်နေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီလ ၂၀ ရက်နေ့ မနက်အစောပိုင်းကစပြီး ချစ်ကြည်ရေးတံတား၂ နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပူးပေါင်းတပ်တွေက ရှင်းလင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တနေ့လုံး တိုက်ခိုက်နေတာ ဖြစ်ပြီး စနေညပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နယ်စပ်နေ ပြည်သူတဦးကပြောပြပါတယ်။

" ည ၁ နာရီနဲ့ ၁၈ မိနစ်လောက်မှာ လက်နက်ကြီးသံတွေ ၅ ချက်ကြားရတယ်။ ဒုန်း ဒုန်း ဆိုပြီးကြားရတယ်၊ နောက် ၁ နာရီနဲ့ မိနစ် ၃၀ လောက်မှာတော့ ၂ လုံးကျတယ် အခုက တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ "

အမျိုးသမီးတွေ ပြောပြတဲ့ မြဝတီ အခြေအနေ
please wait

No media source currently available

0:00 0:10:35 0:00

စနေနေ့ တနေ့လုံး ညဘက်အထိ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးအလုံးရေ ၁၅၀ ကျော်လောက် ပစ်ခတ်ခဲ့တာကြောင့် ထိုင်းဘက်ကို နယ်စပ်တလျောက် စစ်ဘေးရှောင်သူ ၈,၀၀၀ လောက် ထွက်ပြေးလာကြတာ ဖြစ်ပြီး တံတားအမှတ် ၁ ကနေ တရားဝင် ကူးလာသူကလည်း ၃,၀၀၀ လောက် ရှိတယ်လို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးက VOA ကို ပြောပါတယ်။

" ဒီနေ့ မနက်ပိုင်းကနေ ညမိုးချုပ်အထိ ကျနော်တို့က တံတား ၂ ပတ်ဝန်းကျင်နားမှာပဲ ရှိနေတယ်။ အဲဒီမှာပဲ ဟတ်စကီးတွေနဲ့ ဗုံးလာကြဲတာကိုလည်းတွေ့ရတယ်၊ စုစုပေါင်း ဗုံးအလုံးရေက ၁၅၀ ကျော် လောက်တောင်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဂျက်ဖိုက်တာတွေ ဟတ်စကီး(ရဟတ်ယာဉ်)ကလည်း ၃ စီးနဲ့ ပတ်ပစ်နေတာ တွေ့ရတယ်၊ ထိုင်းဘက်ကို ကူးလာတဲ့ စစ်ဘေးရှောင်က ၈,၀၀၀ လောက်ရှိတယ်၊ ပြီးတော့ အမှတ် ၁ တံတားကနေ မြဝတီကနေလာတဲ့သူကလည်း ၃ ထောင်လောက်ရှိတယ်၊ စုစုပေါင်းက ၁၁,၀၀၀ လောက်တောင် ထိုင်းဘက်ခြမ်းကိုရောက်လာကြတယ်။ "


ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမူတွေ ရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရကြသလို သောင်ရင်းမြစ်အနီးမှာတော့ စစ်ကောင်စီတပ်သားတွေ သေဆုံးနေတာတွေကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာရင်း တွေ့ခဲ့ကြရတယ်လို့လည်း ပြောပါတယ်။

"ကမ်းနဖူးရောက်တဲ့အချိန် လက်နက်ကြီးတွေကျတော့ စစ်ဘေးရှောင်တွေက ကူးလာကြတယ်။ ထိုင်းဘက်ခြမ်း ကူးလာတော့ သူတို့မြင်ရတာ စကစ တပ်သားတွေ။ သောင်ရင်းမြစ်နားမှာ တုံးလုံးတွေကော ပက်လက်တွေကော သေနေတာတွေ တွေ့ရတယ်" လို့ ပြောကြပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေကို ပရဟိတ အကူအညီပေးနေသူတွေက ထိုင်းဘက်ခြမ်းကို လူနာတင်ကားတွေနဲ့ ပို့ဆောင်ပေးနေကြတာပါ။

အခုချိန်အထိတော့ သေဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးပါဘူး ။ သောင်ရင်းမြစ်တလျှောက်မှာတော့ စနေ ညဘက်ထိ ထွက်ပြေးလာနေသူတွေ ရှိနေတဲ့အတွက် တရားဝင် ဝင်ရောက်ရတဲ့ ချစ်ကြည်ရေးတံတား ၁ ကို ထိုင်းအာဏာပိုင်တွေက အချိန်တိုးပြီး ဖွင့်လှစ် ပေးထားပါတယ်ရှင်။

မြဝတီမှာ တိုက်ပွဲပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:03:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG