သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်အနီး နန့်ယားရွာကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်


၇၈နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ
၇၈နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ

KIA က သိမ်းယူထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နန့်ယားရွာအနီးကို ဒီကနေ့မနက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ တိမ်းရှောင်နေတဲ့ နန့်ယားရွာသားတွေကို နေရပ်မပြန်ဖို့ KIA က တားမြစ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မြစ်ကြီးနားအခြေစိုက် နမ့်ပေါင် လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြစ်ကြီးနား-မိုးကောင်း-ဖားကန့် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ နန့်ယား တပ်စခန်းကို ဒီလ ၁၁ရက်နေ့က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းယူခဲ့တာပါ။

လောလောဆယ် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ နန့်ယားနဲ့ ၆ မိုင်ခန့်အကွာက စပေါ့မှော် အနီးကို စစ်ကောင်စီဘက်က ဗုံးကြဲတာရှိကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ဒီမနက်တောင်မှ ကျနော်တို့ နန့်ယား၊ နန့်ယားဒေသပေါ့နော်၊ စပေါ့မှော်ရဲ့ အထက်နားမှာ လေယာဉ် ၂စီး လာပြီးမှ ဗုံးလာကြဲတာ။ စပေါ့ရဲ့ အထက်က ဆွတ်ကြိုင်မှော်ဆိုတာ။ အဲဒီနားပတ်ဝန်းကျင်မှာ လာချတာပေါ့ ဗုံးနဲ့။ နန့်ယားနဲ့ဆိုရင်တော့ ၆မိုင်လောက် ဝေးတာ။ တခေါက်ပဲ ၂စီးလာပြီးမှ လာကြဲတာ။ သူတို့ပြောတာ တောထဲမှာ ကျတယ်လို့ ပြောတာ။”

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက ဗုံးကြဲတာဖြစ်ကြောင်း ပြောပါတယ်။

နန့်ယားတပ်စခန်းကို KIA ကို တိုက်ခိုက်စဉ်မှာ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး တိမ်းရှောင်ခဲ့ကြပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်ချိန်မှာ နန့်ယားဒေသခံအချို့က နေရပ်ပြန်ကြပေမဲ့ KIA ကတော့ မပြန်ဖို့ တားမြစ်ထားကြောင်း ဆက်ပြောပါတယ်။

“နန့်ယားအခြေအနေတော့ တချို့တွေတော့ အိမ်ပြန်နေပြီ။ တချို့တွေတော့ မပြန်သေးဘူး။ ဒါပေမဲ့ မပြန်ခိုင်းသေးဘူးပေါ့၊ KIA က။ ဘာလို့လဲဆိုတော့ လေယာဉ် ဗုံးလာကြဲမှာ စိုးလို့ပေါ့နော်။”

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် နန့်ယားကျေးရွာက နေအိမ် ၂၄ အိမ်ထက်မနည်း ပျက်ဆီးခဲ့ကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ နှစ်ဆန်းတရက်နေ့ကစတင်ပြီး ဖားကန့်လမ်းကို မော်တော်ယာဉ်တွေ သွားလာနေကြောင်း ပြောပေမဲ့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဒေသတွင်းအခြေအနေဟာ တည်ငြိမ်မှုမရှိသေးကြောင်း ပြောပါတယ်။

ဒီကနေ့ မနက် ၁၀နာရီခန့်မှာတော့ မြစ်ကြီးနားမြို့ မော်ဖောင်းရွာအနီးရှိ နမ့်ပေါင်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NBPDF ခေါ် မြောက်ပိုင်းညီနောင်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ထိခိုက် ပျက်ဆီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို NBPDF တာဝန်ရှိသူက ပြောဆိုထားပါတယ်။ VOA က မေးမြန်းရာမှာ အသံနဲ့ ဖြေကြားဖို့ အဆင်မပြေကြောင်း တုံ့ပြန်ပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း ဒီသတင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ကျနော်လည်း အဲလို လိုင်းပေါ်မှာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေသခံတွေကို သွားမေးကြည့်တော့ သူတို့ အသံတောင် မကြားဘူးလို့ ပြောတယ်။ ဘယ်လိုလဲ မသိဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျနော်လည်း တော်တော်များများကိုတော့ မေးကြည့်တယ်။ ဒါပေမဲ့ သေသေချာချာ ပြောနိုင်တာတော့ ဘယ်သူမှ မရှိဘူး။”

မြစ်ကြီးနားမြို့ခံတွေကို ဆက်သွယ်မေးမြန်းရာမှာလည်း အများစုက လူမှုကွန်ရက်စာမျက်နှာမှာ ဖတ်ရပေမဲ့ သီးခြားအတည်ပြု ပြောဆိုတာ မရှိပါဘူး။ နမ့်ပေါင်လေတပ်စခန်းကို ဒီတကြိမ် တိုက်ခိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း NBPDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG