သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်မှာ တိုက်ပွဲဖြစ်နိုင်ခြေကြောင့် ဒေသခံတွေ ဘေးလွှတ်ရာရှောင်တိမ်း


ဗန်းမော်မြို့ (ဓာတ်ပုံ- KNG/ ဗန်းမော်မြင်ကွင်းစုံ)
ဗန်းမော်မြို့ (ဓာတ်ပုံ- KNG/ ဗန်းမော်မြင်ကွင်းစုံ)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာစစ်ကောင်စီတို့ ဘယ်အချိန် တိုက်ပွဲတွေ ပြန်ပြင်းထန်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ အများအပြားရှိနေပါတယ်။ အများစုက မန္တလေးမြို့ပေါ်ကို ပြောင်းရွှေ့နေကြတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။

နယ်စပ် လွယ်ဂျယ်မြို့ကို ထိန်းချုပ်လိုက်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ အခုရက်ပိုင်းအတွင်း ဗန်းမော်ခရိုင်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထပ်ပြီးတိုးချဲ့ သိမ်းပိုက်နေပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ စစ်ကောင်စီက တန်ပြန် တိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေပြီး တချို့ကတော့ ကားကြီး၊ ကားငယ်တွေနဲ့ နေရပ်ကို စွန့်ခွာနေကြတာပါ။

ဗန်းမော်မြို့ရဲ့ အခြေအနေက ဘယ်အချိန် စစ်ပွဲဖြစ်မယ်ဆိုတာ မသေချာကြောင်း မိသားစုလိုက် မန္တလေးကို ထွက်လာတဲ့ ဗန်းမော်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ နေ့တိုင်း ဗန်းမော်မြို့အနီးတဝိုက်မှာ ပစ်ခတ်သံ၊ ဗုံးသံတွေ ကြားနေရကြောင်း သူက အခုလို ပြောပါတယ်။

" ဗန်းမော်အခြေအနေကတော့ လက်ရှိကတော့ မနေရဲကြဘူးပေါ့၊ အခုက ဘယ်အချိန်ထဖြစ်မလဲ အဲလိုမျိုးဖြစ်နေတော့။ ဗန်းမော်မှာ ကျနော်တို့က မွေးကတည်းက နေခဲ့တာ၊ မနေရဲကြတော့ တော်ရုံက ရှောင်ကြရင်တော့ မန္တလေးကို ရှောင်ကြတာ။ ကျနော်တို့အဲဒါ နှစ်ရက်လောက်တော့ မောင်းရတယ်ဗျ ကားက။ မဘိန်းမှာ တညအိပ်ပြီးတော့ လမ်းမှာတညအိပ်ပြီး နောက်နေ့ ညနေ၃နာရီလောက်ဆို မန္တလေးရောက်ပြီပေါ့။"

ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ စတဲ့ ဗန်းမော်ခရိုင်ထဲက ဒေသခံအများစုက မန္တလေး၊ နမ့်ခမ်း၊ ပြင်ဦးလွင် စတဲ့ မြို့တွေဆီကို အများဆုံး ရွှေ့ပြောင်းကြတာပါ။ ဗန်းမော်မြို့မှာ ဒေသခံ ထက်ဝက်လောက်က မြို့ကထွက်ခွာသွားပြီလို့ ဗန်းမော်မြို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အများပြောတာကတော့ ဖြစ်တော့မယ်၊ ဖြစ်တော့မယ်နဲ့ လောလောဆယ်တော့ မဖြစ်ဘူးလို့ ထင်တာပဲလေ၊ မဖြစ်ဘူး ထင်တာပဲဆိုတော့ ညတိုင်း ညတိုင်းတော့ ပစ်နေတယ်ပေါ့။ ဒါပေမဲ့ မြို့ထဲမှာတော့ မပစ်ဘူး။ ဒါပေမဲ့ ကျနော်တို့ကလည်း ဒီကိစ္စ ခန့်မှန်းလို့ မရဘူးပေါ့။ စိုးရိမ်ပြီး ရွှေ့ပြောင်းတာကတော့ မြို့တဝက်လောက်တောင် မရှိတော့ဘူး၊ ဆိုင်တွေ၊ လမ်းမှာလူရှင်းတယ်၊ ဆိုင်ခန်းတွေပိတ် ဘာတွေပိတ်ပေါ့ဗျာ။"

ဗန်းမော်မြို့ကနေ မန္တလေးကိုရောက်ဖို့ မြို့ရှောင်လမ်းတွေကနေ သွားရတဲ့အတွက် အရင်က ကျပ်၄သောင်းပဲရှိတဲ့ကားခက အခု ၁သိန်းဖြစ်နေပါတယ်။ လေယာဉ်ခကတော့ မှောင်ခို လက်မှတ်တစောင်ကို ကျပ်၁၀သိန်းနီးပါးအထိ စျေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG