သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူဦးရေ စံချိန်တင် များပြားနေ" - UNOCHA


ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)
ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)

မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင် များပြားလာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအဝှမ်း လူမျိုးစု လက်နက်ကိုင်အင်အားစုတွေ စုစည်းပြီး စစ်ကောင်စီကို အဘက်ဘက်က ထိုးစစ်ဆင်ရာကနေ စစ်ဘေးရှောင်အများအပြား နေရပ်စွန့်ခွာလာရတာပါ။ အခုခါ စစ်ပြေးဒုက္ခသည်အများစုဟာ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် အိုးအိမ်စွန့်ခွရသူ ၂ ဒသမ ၅ သန်းကျော်းရှိရာကနေ ယခု ၂၀၂၄ ခုနှစ် ဒီကနေ့အထိ အိုးအိမ်စွန့်ခွရသူ ၂ ဒသမ ၈ သန်းကျော်အထိ များပြားလာတဲ့အကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုများပြားလာကြောင်းလည်း ထောက်ပြထားပါတယ်။

မတ်လ ၂၅ ရက်နေ့က မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာမှာ ၂ရက်ကြား စခန်းသိမ်းတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် လေကြောင်းအပြင် ဂျိုင်းမြစ်ဘေးမှာ ဆိုဒ်ကပ်ထားတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောကနေ နေ့စဉ်ဆိုသလို ပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲက အိမ်ခြေ ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမှာ နေအိမ် ၃၀၀ ထက်မနည်း မီးလောင် ပြာကျသွားတယ်လို့ မျက်မြင်တွေ့ရှိရတဲ့ ရွာခံတွေက ဗွီအိုအေကို ပြောထားတာပါ။

စစ်ကောင်စီရဲ့ လေကြောင်း ရေကြောင်း တိုက်ခိုက်မှုကြောင့် သိန်းနဲ့ချီ ဒေသခံတွေ ထွက်ပြေးနေရတဲ့ အခြေအနေကို ကော့ဘိန်းရွာ ပရဟိတ တစ်ဦးက ခုလို ပြောပါတယ်။

“အခုက ဓမ္မသရွာလည်း ရွာလုံးကျွတ်ပြေးရတယ်။ ဒီနယ်တဝိုက်မှာ ပြေးရတဲ့လူဦးရေက သိန်းနဲ့ချီသွားပြီ။ မနေ့ကကတည်းက ဓမ္မသရွာမှာ ကျန်ရှိနေတဲ့ လူတွေကို သူတို့ အကုန်လုံး ရှောင်ခိုင်းလိုက်ပြီး၊ မလုံခြုံလို့ ဗမာစစ်တပ်တွေက နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်နေတယ်။ မနေ့ ကော့ဘိန်းဘုန်းကြီးကျောင်းထဲမှာ ၂လုံးကျတယ်၊ ကော့ဘိန်းရွာအပြင်မှာ ၂လုံးကျတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ရွာသားတွေ အရမ်း ဒုက္ခရောက်ကြရတယ်။ အခုက စားသောကုန်တွေလည်း ဈေးမြင့်တက်နေတယ်” - ဆိုပြီး မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းမြောက် ညီနောင် မဟာမိတ် (၃)ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက တနေ့တခြား စစ်ပြေးဒုက္ခသည် အရေအတွက် တိုးတက်လာနေပြီး ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မိုးမိတ် အပါအဝင် ခန့်မှန်း စစ်ပြေးဒုက္ခသည် လူဦးရေ သုံးသောင်းဝန်ကျင်းအထိ ရှိလာတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဗွီအိုအေကို ပြောပါတယ်။

မြို့ပေါ်မှာ တိမ်းရှောင်နေကြသူရှိသလို တချို့က တောတောင်ထဲနဲ့ စစ်ရှောင်စခန်းထဲမှာ ခိုလှုံနေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် ရေရှည်ထောက်ပံ့မှုမရှိဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ တအန်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ခုလို ပြောပါတယ်။

“ဒီထောက်ပံ့မှု ကူညီဆောင်ရွက်မှုအပိုင်းမှာကျတော့ များသောအားဖြင့် NGO ပဲပြောပြော၊ CSO ပဲ ပြောပြော ဒီလိုမျိုး Emergency ဖြစ်နေတဲ့အတောအတွင်းမှာပဲ ကူညီစောင့်ရှောက်မှုတွေ ထောက်ပံ့မှုတွေ ပေးတယ်ပေါ့နော်။ ဒါပေမယ့် ရေရှည်ရပ်နိုင်ဖို့အတွက် စားသုံးဖို့ အတွက်ကျတော့ ထောက်ပံ့မှုတွေက သိပ်မရှိကြဘူး။”

စစ်ပြေးဒုက္ခသည်အများစုက သူတို့ရောက်ရှိတဲ့နေရာမှာ နေ့စားအလုပ်လိုက်ရင်း စားရေးသောက်ရေးအတွက် ရုန်ကန် ဖြေရှင်းနေကြတယ်လို့ ဆိုပါတယ်။

စစ်ဖြစ်တဲ့ဒေသမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေနှုန်းတွေကလည်း အဆမတန်မြင့်တက်နေတာကြောင့် ထမင်းနပ်မမှန်တာ ကြုံတွေ့နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေ ပြောပါတယ်။

“တချို့လူတွေလည်း ထမင်းလျှော့စားတဲ့ ပုံစံမျိုးတွေလည်း ရှိမယ်။ တချို့လူတွေကျတော့ နပ်မမှန်တဲ့အပိုင်းတွေလည်း ရှိတယ်ပေါ့။ ဒါပေမယ့် အတိအကျကတော့ ကျမတို့လည်း စာရင်းတော့ မရဘူး။ သို့သော်ငြားလည်း တချို့ဆိုရင်တော့ ကျမတို့ဆီမှာ အကူအညီတောင်းလာတယ်။ ပတ်ဝန်းကျင်ရဲ့ ကူညီထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့သူတွေလည်း ရှိတယ်။”

အလားတူ ကရင်နီတပ်ပေါင်းစုတွေ ဆင်နွှဲတဲ့ တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက ဖယ်ခုံမြို့မှာလည်း တိုက်ပွဲပြင်းထန်လာပြီး ဒေသခံတွေ မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘေးလွတ်ရာမှာ ခိုလှုံနေတဲ့ ဖယ်ခုံမြို့ခံ တစ်ဦးက ခုလို ပြောတယ်။

“အဲ့တုန်းက အကြီးအကျယ်ကို ဖြစ်လာတာဗျ။ လေယာဉ်နဲ့ စကြဲတာ အဲ့မှာ။ ကျနော်တို့က လွတ်တဲ့နေရာကို ရှောင်လာရပါတယ်ဗျ။ လုံးဝ မပြန်ရဘူးဗျ။ လုပ်ရေး ကိုင်ရေးတွေ၊ နေရေး ထိုင်ရေး စားရေးသောက်ရေးကတော့ ဒုက္ခတော့ ဖြစ်နေတာပေါ့ဗျာ။ တချို့ကျတော့လည်း ပြည့်စုံတယ်၊ တချို့ကျတော့လည်း အစားအသောက် မပြည့်စုံဘူး။”

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်မှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။ လက်ရှိ ကရင်နီ တပြည်နယ်လုံးနီးပါး စစ်ဘေးဒဏ် ခံနေရပြီး အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရကြောင်းနဲ့ စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်နေဆဲဖြစ်တယ်လို့ နွေဦးတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင် မိုးရာသီကာလ ကျရောက်တော့မှာ ဖြစ်တာကြောင့် ရိက္ခာတွေကို ဖြည့်ဆည်းဖို့ ရန်ပုံငွေ အရေးပေါ်လိုအပ်နေသလို ရန်ပုံငွေရရှိမှု နည်းပါးတာကြောင့် ထောက်ပံ့ရေးအစီအစဉ် အလုပ်မတွင် ဖြစ်နေတယ်လို့ (UNOCHA) က ဒီကနေ့ ဧပြီလ ၅ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၁၈ ဒသမ ၆ သန်း လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း ကြာသပတေးနေ့က လုံခြုံရေးကောင်စီ မြန်မားအရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ UNOCHA က တင်ပြထားတာပါ။ ဒီပမာဏဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ၉ ဆတိုးတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူဦးရေး ရဲ့ ၂၅ ရာခိုင်နှုန်း ဖြစ်တဲ့ လူ ၁၃ သန်း နီးပါးဟာ စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ခံနေရပြီး အထူးသဖြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အာဟာရချို့တဲ့မှု ဖြစ်နိုင်ခြေပိုများလာတယ်လို့ UNOCHA ရဲ့ ဘဏ္ဍာရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး (Finance and Partnership) ဆိုင်ရာ ညွှန်ကြားရေးမှူး Lisa Doughten က မနေ့က လုံခြုံရေးကောင်စီကို တင်ပြချက်ထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။

Forum

XS
SM
MD
LG