သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာလူသားချင်းစာနာမှုအကူအညီ ၁၉သန်းနီးပါးလိုအပ်" UNOCHA


စစ်ရှောင်ဒုက္ခသည် (photo: C J)
စစ်ရှောင်ဒုက္ခသည် (photo: C J)

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၁၈ ဒသမ ၆ သန်း လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း ကြာသပတေးနေ့က လုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောလိုက်ပါတယ်။ ဒီပမာဏဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ကိုးဆတိုးလာတယ်ဆိုပါတယ်။

UNOCHA ညွှန်ကြားရေးမှူး Lisa Doughten ရဲ့ လုံခြုံရေးကောင်စီကို တင်ပြချက်ထဲမှာ မြန်မာနိုင်ငံမှာ လူ ၁၃ သန်းနီးပါး၊ လူဦးရေရဲ့ ၂၅% က စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ခံနေရကြောင်း ပြောပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အာဟာရချို့တဲ့မှု ဖြစ်နိုင်ခြေ ပိုများလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေဟာ “အရင်က မကြုံဖူးခဲ့တဲ့ အတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေပြီ” လို့လည်း ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ် Mohamed Khaled Khiari က လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။ ဒီအခြေအနေမှာ "နိုင်ငံတကာ အသိုက်အဝန်းရဲ့ စုပေါင်းပံ့ပိုးမှုက အရေးကြီးတယ်" လို့ သူက တောင်းဆိုပါတယ်။

“နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာသူတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကာကွယ်ပေးပြီး သူတို့ရဲ့အိမ်ရှင်အသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးလာစေဖို့အတွက် အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောပါတယ်" လို့ လက်ထောက် အတွင်းရေးမှူးချုပ်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးချက်ထဲမှာတော့ “အခုပြောနေတဲ့ အချိန်မှာကို ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး စေ့စပ်ဖျန်ဖြေရေး လုပ်ငန်းစဥ် ဆောင်ရွက်ဖို့ တရုတ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်နေပြီး တရုတ်နိုင်ငံအနေနဲ့ မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်အောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ထဲမှာလည်း စစ်အာဏာသိမ်းကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အထူးသဖြင့် အင်ဒိုပစိဖိတ်ဒေသ နိုင်ငံတကာလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုက ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် မတ်လဆန်း အတွင်းမှာတင် ၅ ဆ တိုးမြင့်လာပြီး အကြိမ်ရေ ၅၈၈ ကြိမ် ပြုလုပ်ခဲ့ကာ အဲဒီထဲက ၃၄ ရာခိုင်နှုန်းက အရပ်သားတွေကို ထိခိုက်ခဲ့ကြောင်း ထောက်ပြကာ မြန်မာစစ်တပ်အပေါ် လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ရေး လုံခြုံကောင်စီကို ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို ရေးဆွဲနိုင်ဖို့ ကြိုးစားနေတဲ့ ဗြိတိန်အစိုးရ ကိုယ်စားလှယ်ကတော့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မေ့မေ့လျော့လျော့ ဖြစ်မှာမျိုး ခွင့်မပြုနိုင်ဘူးလို့ လုံခြုံရေးကောင်စီကို တင်ပြတောင်းဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG