သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ၄ လကြာမြင့်လာပြီဖြစ်သလို အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့ ဒေသခံတွေ တသိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်မှာ ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို လူသားချင်း စာနာမှုအကူအညီတွေလည်း မရရှိတာကြောင့် စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း ကိုစံကျော်က ပြောပြမှာပါ။

ရခိုင်ပြည်နယ်ကမြို့နယ် တော်တော်များများမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အကြား ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီရက်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကုန်လမ်းတွေ ရေလမ်းတွေအပြင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရသလို ကုန်စည်စီးဆင်းမှုတွေလည်း ပိတ်ပင်ခံထားရတာကြောင့် ဒုက္ခသည်ကူညီရေး အဖွဲ့တွေအနေနဲ့လည်း သွားရောက်ကူညီဖို့ ခက်ခဲနေကြတာပါ။ လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည် တွေဟာ စားနပ်ရိက္ခာရှားပါးတာတွေ အပြင် နေထိုင်ဖို့ အတွက်ပါ ခက်ခဲနေကြတယ်လို့ ကျောက်တော်ဒေသခံ စစ်ဘေး ဒုက္ခသည် တဦးကပြော ပါတယ်။

“ အခုလက်ရှိအနေအထားကတော့ သူတို့မှာ ပါလာတဲ့ လက်ဝတ်လက်သားတွေ ထုခွဲရောင်းချပေါ့ဗျာ၊ ဒီအတိုင်းပဲ ကြုံသလိုစားနေရတယ်၊ နောက်ပြီးတော့ camp (ဒုက္ခသည်စခန်း) ထဲမှာ ဆေးဝါးက အစ စားသောက်ရေး ကုန်ပစ္စည်းတွေကအစ စျေနှုန်းက ဆယ်ဆလောက်ကို တက်နေတာလေ။ အခုလက်ရှိက ငတ်တလှည့် ပြတ်တလှည့်ပေါ့ဗျာ ကြုံသလို စားနေရတယ်၊ NGO၊ INGOတွေ လည်း ဝင်ရောက်ကူညီတာ ကယ်ဆယ်နိုင်တဲ့ အနေအထားမှာမရှိဘူးလေ၊ အဲဒီတော့ တော်တော်လည်း အခက်အခဲရှိတယ် နေရထိုင်ရတာ စားရတာကအစ။”

ရသေ့တောင်မြို့နယ်တခုလုံးကို AAက သိမ်းပိုက်ထားတယ်ဆိုပေမဲ့ လုံခြုံရေးအနေအထားအရ စစ်ဘေးဒုက္ခသည်တွေကို မိမိနေရပ်ကို မပြန်နိုင်သေးတာကြောင့် ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ ကျနော်တို့ရသေ့တောင် မြို့နယ်မှာဆိုရင်တော့ နီးစပ်တဲ့ ရွာတွေ နောက်ပြီးတော့ တောင်တန်းတွေပေါ်မှာ ဥမင်လှိုင်ခေါင်းတွေ တူး၊ တံတားအောက်တွေမှာ တဲလေးထိုး အဲလိုနေရတဲ့ လူတွေရှိတယ်၊နောက်ပြီးတော့ ရွာတွေမှာ ခိုကပ်ပြီးနေရတဲ့သူတွေရှိတယ်။ အခုထက်အိ အိမ်ပြန်လို့မရသေးဘူး။”

ဒါ့အပြင် AAသိမ်းပိုက်ထားပြီးဖြစ်တဲ့ ကျောက်တော်မြို့နယ်မှာဆိုရင်လည်း စစ်ဘေးဒုက္ခသည်စခန်း ၆ ခုအထိ ရှိနေပြီး လာရောက်ကူညီထောက်ပံ့သူတွေမရှိတာကြောင့် စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။

“ ကျမတို့ ကျောက်တော်မြို့နယ်မှာဆိုရင် အခု စစ်တွေဘက် စစ်ဘေးဒုက္ခသည်တွေ၊ ပြီးတော့ နောက်ထပ် ကျောက်တော်မှာ နဂိုကတည်းက ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ အများကြီး ပဲပေါ့နော် ဒါပေမယ့် သူတို့ကို ကူညီတဲ့ သူတွေက အရမ်းနည်းတယ် အဲလို မျိုးဖြစ်နေတာပေါ့၊ ဆိုတော့ သူတို့မှာ စားဝတ်နေရေးတွေ အဆင်မပြေကြတာတွေ့ရတယ်။”

ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ သောက်သုံးရေရှားပါး တာတွေနဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ် တာတွေလည်းရှိနေတယ်လို့ ဒေသခံစစ်ဘေးဒုက္ခသည် ကူညီသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေသခံတွေအရပ် ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၃သိန်း ကျော်အထိရှိနေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒုက္ခသည်တွေကို ရက္ခိုင့်တပ် တော်နဲ့ ဒေသခံကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့် ရှောက်မှု တချို့ ပေးနေပေမဲ့ နောက်ထပ် လိုအပ်နေသေးကြောင်း ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

မြန်မာနို်င်ငံအဝှမ်းမှာ အိိုးစွန့်ခွာထွက်ပြေးနေရသူဦးရေ ၂.၈ သန်းကျော်ရှိလာနေပြီး အဲဒီထဲက လူဦးရေ ၂ဒသမ ၅သန်းကျော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ် လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆို်င်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီရက်ပိုင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG