သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့စောင့်တပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


မြ၀တီခရိုင် သင်္ကန်းညီနောင် စစ်ဗျူဟာ အခြေချစခန်းကုန်းနဲ့ ခလရ ၂၇၅ တပ်စခန်းတို့မှ သိမ်းဆည်းရရှိတဲ့ လက်နက်များ (ဓါတ်ပုံ - KNLA & PDF)
မြ၀တီခရိုင် သင်္ကန်းညီနောင် စစ်ဗျူဟာ အခြေချစခန်းကုန်းနဲ့ ခလရ ၂၇၅ တပ်စခန်းတို့မှ သိမ်းဆည်းရရှိတဲ့ လက်နက်များ (ဓါတ်ပုံ - KNLA & PDF)

ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကရင်ပြည်နယ်ထဲက မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေပါတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေကြား ညနေပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြ၀တီခရိုင်အတွင်းက သင်္ကန်းညီနောင် စစ်ဗျူဟာ အခြေချစခန်းကုန်းနဲ့ ခလရ ၂၇၅ တပ်စခန်းကို ကရင်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်၊ မြ၀တီ၊ သင်္ကန်းညီနောင်စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, ပြည်သူကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် မြ၀တီမြို့ရဲ့အရေးပါတဲ့ သင်္ကန်းညီနောင်ဗျူဟာကုန်းနဲ့ မြို့စောင့်တပ် ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။

"သင်္ကန်းညီနောင်ဗျူဟာကုန်းကိုလည်း သိမ်းလိုက်ပြီ မြ၀တီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကိုလည်း မနေ့က တပြိုင်တည်း သိမ်းလိုက်တယ်။ ဒီနေ့အခြေအနေကတော့ သင်္ကန်းညီနောင်မှာ ပိတ်မိနေတဲ့ တပ်မိသားစုတွေရယ် အရာရှိအင်အားတွေရယ် အင်အားက ၄၄၀ လောက်။ ပြီးတော့ တပ်မိသားစုတွေအားလုံးပေါင်းရင် အင်အား ၁၀၀၀ လောက်က လက်နက်ချအညံ့ခံတာပေါ့နော်။ ခုခံလို့လည်း မရတော့ဘူး။ တပ်မိသားစုတွေလည်းပါတော့ လက်နက်ချလိုက်တာပေါ့ လက်နက်တွေကလည်း အများကြီးပဲ။ ဗျူဟာက လက်နက်သိုလှောင်ဂိုဒေါင်လို ဖြစ်နေတော့ လက်နက်တွေကအများကြီးပဲ။"

ညနေပိုင်းရောက်ချိန်အထိ မြ၀တီမြို့ရဲ နေရာအတော်များများကို ထိမ်းချုပ်ထားနိုင်ပြီးတော့ မြိုခံတွေ အထိမနာအောင် ထိမ်းထိမ်းသိမ်းသိမ်းနဲ့ လုပ်ဆောင်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

"အတင်းဝင်တိုက်လိုက်ရင်လည်း ကော့ကရိတ်မြို့ကို သင်္ခန်းစာယူပြီး အတင်းဝင်မတိုက်တာ ဖြစ်တယ်။ ကော့ကရိတ်မြို့မှာဆို တမြို့လုံးကို မီးလောင်ဗုံးတွေသုံးပြီး မီးရှို့လိုက်တယ်။ ပြီတော့ မြို့နေလူထုတွေကိုလည်း လူသားဒိုင်းတွေလို အသုံးပြုမယ်၊ ပေါ်တာဆွဲမယ်၊ အိုးအိမ်အဆောက်အဦး တွေကိုလည်း မီးတင်ရှို့မယ်။ သူတို့က အဲဒီလိုလုပ်တော့မှာ။

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ မြ၀တီမြို့မှာ လတ်တလော အက်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး၊ တိုက်ွပွဲတွေ ပိုပြီး ပြင်းထန်လာမှာကို မြ၀တီမြို့ခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

မြဝတီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ခုချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Forum

XS
SM
MD
LG