သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ် လေယာဉ်တွေ ထိုင်းနိုင်ငံ ထပ်မံစေလွှတ်မယ့် အစီအစဉ် စစ်ကောင်စီဖျက်သိမ်း 


လေယာဉ်နှစ်စင်းခရီးစဉ် မြန်မာဘက်က ဖျက်သိမ်းခွင့်တောင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ (ဧပြီ ၈၊ ၂၀၂၄)
လေယာဉ်နှစ်စင်းခရီးစဉ် မြန်မာဘက်က ဖျက်သိမ်းခွင့်တောင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ (ဧပြီ ၈၊ ၂၀၂၄)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အရေးပေါ်လေယာဉ် ဆင်းသက်ခွင့် တောင်းခံထားတဲ့ စစ်ကောင်စီက နောက်ထပ် လေယာဉ် ၂ ခေါက် စေလွှတ်မယ့် အစီအစဉ်ကို ဖျက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကရင်ပြည်နယ်မှာ မကြာသေးခင်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အရေးနိမ့်ခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ဆင်းသက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံကို ခွင့်ပြုချက် တောင်းခံထားပေမဲ့ ပထမတစင်း မနေ့က ရောက်လာခဲ့ပြီး အစီအစဉ်ကို ရုတ်တရက် ဖျက်လိုက်တာလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ Thanawat Sirikul ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

လူသားချင်းစာနာမှုနဲ့ အရေးပေါ်လေယာဉ် ၃ ကြိမ် ဆင်းသက်ခွင့် ပြုထားပြီး၊ မနေ့က ပထမဆုံး ရောက်လာတဲ့ လေယာဉ်မှာ လက်နက်တွေ မပါဘူးလို့လည်း ပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေအထိ ဆင်းသက်ဖို့လည်း အစောပိုင်းမှာ စီစဉ်ထားတယ်လို့ ပြောပါတယ်။ မနေ့တုန်းကတော့ မဲဆောက်မြို့ လေယာဉ်ကွင်းမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ရောက်ရှိလာခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်ထွက်ခွာသွားတယ်လို့လည်း ထိုင်းသတင်းတချို့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြကြပါတယ်။ ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Jakkapong Sangmanee ကတော့ အရပ်သားတွေကို သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့အတူ ပြန်ခေါ်ဖို့ အရပ်ဖက်လေယာဉ် စေလွှတ်ခွင့် တောင်းခံခဲ့တာဖြစ်ပြီး၊ သံတမန်ရေးရာ ပစ္စည်းတွေကို သယ်ယူပို့ဆောင်တာဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

အရာရှိကြီးတချို့ အပါအဝင် လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်နေကြောင်း လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နီးစပ်သူ တချို့ကလည်း ဗွီအိုအေကို ပြောပေမဲ့ သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီက တရားဝင်တစုံတရာ ပြောဆိုတာတော့ မရှိသေးပါဘူး။ မကြာသေးခင်လတွေကစ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာရာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG