သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် သောင်ရင်းမြစ်ဘေးမှာ မြန်မာလူငယ် ၂ ဦးထံက လက်နက်နဲ့ ကျည်ဆံတွေ ဖမ်းမိ


မြန်မာလူငယ် ၂ ဦးထံက လက်နက်နဲ့ ကျည်ဆံတွေ ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန် (ဧပြီ ၃၊ ၂၀၂၄)
မြန်မာလူငယ် ၂ ဦးထံက လက်နက်နဲ့ ကျည်ဆံတွေ ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန် (ဧပြီ ၃၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲဆောက် မြို့နယ် သောင်ရင်းမြစ်ကမ်းဘေးက ဘန်ထပွန် အမှတ် ၁ ကျေးရွာအုပ်စုမှာ (Ban Tha Pong, Village) မြန်မာဘက်က လူငယ်နှစ်ဦး သယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်ကို နယ်ခြားစောင့် ကင်းလှည့် တပ်ဖွဲ့ ၃၄၆ က စစ်ဆေးရာကနေ ကျည်ဆံတွေနဲ့ လက်နက်တွေကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မဲဆောက် ရဲဌာနက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေး ပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ် သောင်ရင်းမြစ်ကမ်းဘေးက ဘန်ထပွန် အမှတ် ၁ ကျေးရွာ အုပ်စုမှာ မြန်မာဘက်က လူငယ်နှစ်ဦးက အိတ်တလုံးသယ်ဆောင်လာခဲ့ပြီး ရဲတပ်ဖွဲ့ကို မြင်ပြီးတဲ့နောက် မိုးရေးမြစ်(သောင်ရင်းမြစ်)ကို ကူးပြေး သွားခဲ့ကြတယ်လို့ ဒီကနေ့ ဧပြီလ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့မှူး Samrit Ekkamon က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"ကျွန်တော်တို့ အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ရဲနဲ့ နယ်မြေခံ အာဏာပိုင်တွေဟာ မဲဆောက် မယ်လမ ထဆောင်ရန်း ဖွတ်ဖရ စတဲ့ နယ်မြေတွေမှာ အထူး စောင့်ကြည့် စစ်ဆေးမှုတွေ နေရောညပါ လုပ်ဆောင်နေပါတယ်။ တဖက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကနေ အခုလို စစ်သုံးလက်နက်တွေဟာ ပြန့်ထွက်လာနိုင်တာကို တားဆီးနိုင်ဖို့ လုပ်ဆောင်နေတာပါ။"

အခုသိမ်းဆည်းနိုင်ခဲ့တဲ့ စစ်သုံး ပစ္စည်းတွေကတော့ အေကေ ၄၇ ရိုင်ဖယ်သေနတ်၊ ကျည်ဆံ ၈၈၈ တောင့်၊ RPG ကျည်ဖူး နဲ့ ပို့ယမ်း ‌ငါးတောင့်အပြင် ၉၇ လောင်ချာ ဗုံးသီး ဆယ်လုံး ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာထုတ်ပြသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း မဲဆောက်မြို့ မှာပဲ ဒရုန်းယာဉ်ကိုကြားဖြတ်ဖျက်ဆီးနိုင်တဲ့ ဘတ်ငွေ ၆သိန်းလောက်တန်ဖိုးရှိတဲ့ ဒရုန်းဖျက်တဲ့လေဆာ သေနတ် နဲ့အတူ မြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးခဲ့ပါတယ်။ ဒီအတွက် ထိုင်းမြန်မာနယ်စပ်မှာ လုံခြုံရေးတွေတင်းကြပ်သလိုအဖမ်းအဆီးတွေလည်း များနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG