သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာပိတ်မိနေတဲ့အုပ်ချုပ်ရေးဝန်ထမ်းတွေကို ထိုင်းကတဆင့် ပြန်ခေါ်ယူ


Mae Sot Airport
Mae Sot Airport

ကရင်ပြည်နယ် မြ၀တီမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းနယ်စပ်မြို့ကနေ ပြန်ခေါ်ယူနိုင်ဖို့ စစ်ကောင်စီက လေကြောင်းခရီးစဉ်တွေ ညှိုနှိုင်းစီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဧပြီလ ၇ရက်နေ့ ညပိုင်းက မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာဘက်က လေယာဉ်ဆိုက်ရောက်လာခဲ့ပြီး လူတချို့ကို ညတွင်းချင်း ရန်ကုန်ကိုပြန်ခေါ်သွားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ဧပြီလ ၅ရက်နေ့တုန်းက KNU ထံ လက်နက်ချခဲ့တဲ့ စစ်တပ်အင်အား ၆၀၀ကျော်ကို ပြန်ခေါ်ယူဖို့ မြန်မာစစ်ကောင်စီက ထိုင်းဘက်ကိုညှိနိုင်းခဲ့ပြီး၊ မဲဆောက်ကနေ ဧပြီလ ၇ရက်နေ့က ၉ရက်နေထိ လေကြောင်းခရီးစဉ်တွေကို စီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာရေးသားခဲ့ပါတယ်။ မဲဆောက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၇ရက်နေ့ ည ၈နာရီခွဲလောက်က မြန်မာဘက်က လေယာဉ်တစင်းဆိုက်ရောက်ပြီး ညတွင်းချင်းပဲ အရေးကြီးတဲ့ လူတချိုကိုခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း မဲဆောက်နေဒေသခံတဦးကပြောပြပါတယ်။

"ဒီညမှ ပြန်ထွက်သွားတာ၊ ရောက်ရောက်ခြင်းမှာပဲ သိပ်မကြာဘူး ဒီဘက်က အရာရှိတွေနဲ့ ဟိုဘက်ကမ်း အရာရှိတွေဆွေးနွေးကြတယ်။မြ၀တီခရိုင်က အကြီးဆုံးအရာရှိတွေပါသွားတယ်။ မြန်မာဘက်မှာမနေရဲတော့ဘူး။ ခမရ ၃၇၅တို့ ခလရ ၂၇၅တို့ကျသွားပြီဆိုတော့ မြ၀တီ ကို အချိန်မရွေးစီးနင်းနိုင်တယ်ဆိုပြီး သူတို့ကတော့ကြိုတင်ပြင်ဆင်မူတွေလုပ်တာပဲ။"

မြ၀တီခရိုင်ဘက်က အုပ်ချုပ်ရေးပိုင်းတာဝန်ကြီးကြီးယူထားသူတွေဟာ ဧပြီလ ၆ရက်နေ့ကတည်းက မဲဆောက်ဘက်ကိုတိမ်းရှောင်လာတယ်လို့လည်းပြောပါတယ်။

"သူတို့က အုပ်ချုပ်ရေးအဖွဲ့ နေ့ခင်းကတင်မဟုတ်ဘူး မနေ့ကတည်းက ကြိုတင်ရောက်နေတာတွေလည်းရှိတယ်။ ဒီနေ့လည်း ဟိုဘက်ကနေ ကူးလာတာလည်းရှိတယ်။ ဒါကြောင့်ထိုင်းစစ်တပ်ကလုံခြုံရေးယူထားတာဖြစ်တယ်။"

စစ်တပ်ဘက်က လက်နက်ချခဲ့တဲ့ အရာရှိစစ်သည်အင်အား စုစုပေါင်း ၆၀၀ကျော်ကိုတော့ မြ၀တီမြို့မှာ ထိမ်းသိမ်းရခက်တဲ့အတွက် ရွှေကုက္ကိုလ် ဘက်က နယ်ခြားစောင့်တပ် ထိမ်းချုပ်ရာနေရာကို ပို့ဆောင်ထားပြီး၊ အဲဒီကနေတဆင့် သူတို့ဘယ်ကိုပို့ဆောင်မလဲဆိုတာကိုတော့ အသေးစိတ်မပြောနိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေး PDF ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီလူတွေကို မဲဆောက်ကနေတဆင့် လွှဲပြောင်းသွားမယ်လို့အကြမ်းဖျင်းသိထားရကြောင်းလည်း ပြောပါတယ်။

"သူတို့ကတော့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ဌာနဆိုင်ရာတွေအကုန်ရွေ့မယ်လို့သိရပါတယ်။ နောက်ဆုံးသိရတာကတော့ အလံဖြူထောင်ထားတဲ့ စစ်သည်တော်တွေအကုန်လုံးပါမယ်လို့သိရပါတယ်။ စစ်သားတွေနဲ့ အကြပ်စစ်သည်တွေ အရာရှိအရာခံတွေအားလုံးပေါ့၊ သူ့မိသားစုတွေလည်းပါမယ်ကြားပါတယ်။ အဲဒါတွေကတော့ ရွှေကုက္ကိုလ်မှာ ထားတယ်။ အဲဒီကလူတွေလည်းပါမယ်လို့သိရပါတယ်။"

လတ်တလောမှာတော့ ရန်ကုန်ကနေ မဲဆောက်ကို ၃ ရက်တာ လေယာဉ်ခရီးစဉ် ပျံသန်းခွင့်ပြုဖို့ စစ်ကောင်စီသံရုံးကနေ ထိုင်းအစိုးရကိုအရေးပေါ် မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ မနေ့ညကရောက်တဲ့ စစ်ကောင်စီရဲ့ လေယာဉ်ကတော့ ညတွင်းချင်းပဲ မဲဆောက်လေဆိပ်ကနေ ရန်ကုန်ကိုပြန်လည်ထွက်ခွာသွားပါတယ်။ စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့ လေယာဉ်နဲ့ပါသွားတယ်လို့ သတင်းရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ထိုင်းဘက်က လုံခြုံရေးတွေတိုးမြှင့်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG