သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးက စစ်ကောင်စီတပ်တွေကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်


မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)
မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)

မြဝတီမြို့က စခန်းကိုစွန့်ခွာ ထွက်ပြေးလာတဲ့ ခလရ ၂၇၅ က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) အနီးမှာ ရှိနေကြတဲ့နေရာကို KNLA/PDF ပူးပေါင်းတပ်တွေက ဒီကနေ့၊ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ချစ်ကြည်ရေးတံတား (၂)နားမှာပဲ ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။ ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ တခုတည်းကျန်တဲ့ ခလရ ၂၇၅ စခန်းကို ကေအန်ယူ နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သား ၁၀၀ လောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့မှာတခုတည်းကျန်တဲ့ ခလရ ၂၇၅ စခန်းကို ကေအန်ယူ နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့တဲ့ စစ်သား ၁၀၀ကျော်လောက်ဟာ မနေ့တုန်းကစပြီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတား (၂)အနီးမှာ ကတုတ်ကျင်းတူးပြီး စခန်းချထားပါတယ်။

ဧပြီလ ၁၂ရက်၊ ဒီကနေ့ ညနေပိုင်းမှာတော့ KNLA/PDF ပူးပေါင်းတပ်တွေက အဲဒီနေရာကို ဒရုန်းတွေနဲ့ ဗုံးတွေကြဲချပြီးတဲ့နောက် ပစ်ခတ်မူ့တွေ ဖြစ်နေတယ်လို့ မျက်မြင်တွေ့ရတဲ့သူတဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ညနေ ၆နာရီ လောက်မြန်မာစံချိန် ၆နာရီလောက်မှာ ကေအန်ယူ ပူးပေါင်တပ်ပေါင်းစုတွေက ဒရုန်း ၂ စင်းနဲ့ ဗုံး ၃လုံး လာကြဲချတယ်။ အဲဒီမှာအမှတ် (၂)တံတားထိပ်က မြန်မာစစ်တပ် တပ်စွဲထားတဲ့နေရာကို လာချတာ၊ အဲဒီမှာ မြန်မာစစ်တပ်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်နေတယ်။ အဲဒီလိုဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မူ့တွေ ဖြစ်နေတယ်၊ အဲဒီ တံတားထိပ်မှာ။”

ထိုင်းဘက်ကလည်း မြန်မာဘက်က နယ်စပ်ဖြတ်ကျော်ပြီး လက်နက်တွေကျရောက်မှာကို စိုးရိမ်ပြီး လုံခြုံရေးအပြည့်နဲ့ စောင့်နေကြတယ် လို့ ဆိုပါတယ်။ ထိုင်းဘက်ကလည်း တံတား (၁) ကော၊ တံတား(၂)ဘက်မှာကော လုံခြုံရေးတွေယူထားတယ်။ ကား ၅စီး စီလောက်ရှိတယ်။

အခုနာရီဝက်အတွင်းမှာပဲ ပစ်ခတ်မူတွေဆက်ရှိနေပြီး ညအချိန်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာတော့ မသိရသေးပါဘူး။ အခုဆိုရင် ထောင်နဲ့ချီတဲ့မြ၀တီမြို့ခံတွေဟာ မဲဆောက်ဘက်ကို ထွက်ပြေးလာနေဆဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG