သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းမှာ စစ်ကောင်စီအလံ ပြန်တင်


ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ မြင်ရတဲ့ မြဝတီမြို့(ဧပြီ ၁၀၊ ၂၀၂၄)
ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ မြင်ရတဲ့ မြဝတီမြို့(ဧပြီ ၁၀၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီရဲ့မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို KNU/PDF ပူးပေါင်းတပ်တွေက ၁၀ ရက်ကျော်ကြာ ထိန်း ချုပ်ထားခဲ့ပြီးတဲ့နောက် ဧပြီလ ၂၂ ရက်နေ့ကတော့ အဲဒီနေရာကနေ သူတို့တပ်ကို ယာယီပြန်ဆုတ်ခွါခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မြဝတီဒေသရဲ့အခြေအနေတည်ငြိမ်နေပြီလားဆိုတာနဲ့ ဘယ်သူ့အုပ်ချုပ်မှုအောက်မှာ ရှိနေသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားတွေနဲ့ ရှုပ်ထွေးနေတဲ့ မြ၀တီမြို့အခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီရဲ့မြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မြဝတီမြို့ကို ဧပြီလ ၁၁ ရက်နေ့ကစပြီး ၁၀ ရက်ကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တာပါ။ ဧပြီလ ၁၉ ရက်နေ့ကစပြီး အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃ ရက်အတွင်း အရပ်သားတွေ ဆယ်ဂဏန်းလောက်သေဆုံးခဲ့ရပါတယ်။ စစ်တပ်၊ ပူပေါင်းတပ်ဖွဲ့ဘက်နဲ့ အရပ်သားကောပါဝင်တဲ့ လူ ၈၀ ကျော်ဟာ ဒဏ်ရာပြင်းထန်လို့ အတွင်းလူနာတွေအဖြစ် ထိုင်းနိင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း စစ်ဘေးရှောင်လာရပါတယ်။ ဒီအခြေအနေဖြစ်ပြီး KNU က တပ်ကို ယာယီဆုတ်ကြောင်း ကြေညာခဲ့သလို စစ်ကောင်စီကလည်း ခလရ ၂၇၅ စခန်းကုန်းမှာ အလံပြန်တင်ပြီး စခန်းကိုပြန်ရပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်ပဲ စစ်ကောင်စီဟာ မြ၀တီမြို့ကိုပြန်ပြီး ထိမ်းချုပ်နိုင်ပြီလားဆိုတာကလည်း မသေချာသေးပါဘူး။ ဒေသခံတွေကကော ဘယ်လိုမြင်သလဲဆိုတာ VOA ကိုအခုလိုပြောပြပါတယ်။

"သိက္ခာမကျသွားအောင် စစ်တပ်က အဲဒီ ကုန်းပေါ် (ခလရ ၂၇၅ စခန်းကုန်း) မှာ အလံ တက်ထောင်လို့ရပြီ ဆိုပြီး နှစ်ယောက် သုံးယောက်လောက်က တက်ထောင်လိုက်တာပဲ။ အဲဒီက သူတို့လည်း ပြန်ထိုင်ရဲလားဆိုတာ- သူတို့လည်း ပြန်ပြီးမထိုင်ရဲပါဘူး၊ စစ်တပ်က တံတား အောက်ကိုရောက်ပြီးကတည်းက နောက်ပိုင်းမှာ အဲဒီကုန်းမှာ တယောက်မှလည်း မထိုင်ရဲတော့ဘူး။ အဲဒီကုန်းပေါ်မှာအလံထောင်လို့ရပြီဆိုပြီးတော့ အလံပဲသွားထောင်တာပါ၊ နေလို့မှမရတော့တာ။ အဲဒီကုန်းကိုပြန်သိမ်းပြီလို့ပြောရအောင် သူတို့ကပြောတော့ ပြောနေကြတယ်။ ဖြစ်နိုင်လားဆိုတာ စဉ်းစားလို့ရပါတယ်။ အစကတည်းက ၂၇၅ စခန်းက KNU က အစကတည်းက ထိုင်မှ မထိုင်တာ။ အဲဒီကုန်းကို နယ်ခြားစောင်တပ် ( BGF) တွေကပဲ ထိုင်ထားတာလေ။ လေယာဉ်နဲ့လာတော့ သူတို့တိုက်ခိုက်တဲ့သူတွေက သေတာမဟုတ်ဘူး။ ကြားထဲက ကျနော်တို့ပြည်သူတွေပဲ သေကြရတာ။"

ကရင်ပြည်နယ်အတွင်းက တပ်စခန်းတွေကိုသိမ်းပိုက်ရာမှာ နယ်မြေခံ ကေအန်ယူတပ်မှူးတွေရဲ့ခေါင်ဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းတွေထိုးပြီး တိုက်ခိုက်ခဲ့ကြတာပါ။ စစ်ကောင်စီရဲ့တပ်စခန်းတွေ ဆုတ်ခွါသွားအောင် တိုက်ထုတ်တဲ့အထဲမှာ စစ်အာဏာသိမ်းပြီးနောက် ထွက်လာခဲ့ကြတဲ့လူငယ်တွေရဲ့ စိတ်အားထက်သန်မှုတွေနဲ့ စွန့်လွှတ်မှုတွေလည်း ရာခိုင်နှုံးအတော်များများပါဝင်ပါတယ်။

မြ၀တီမြို့ကို ယာယီဆုတ်ခွါလိုက်ပြီဆိုတဲ့KNU ရဲ့ထုတ်ပြန်ချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဘ၀င်ကျပုံမရပါဘူး။ ဒါပေမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွန်ကြားချက်ကိုစောင့်ကြည့်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက VOA ကိုပြောပါတယ်။

"သင်္ကန်းညီနောင်ဗျူဟာကုန်းတွေ၊ ခလရ ၂၇၅ တွေတိုက်ခဲ့တာမှာ ကျနော်တို့ရဲဘော်တွေ အသက်တွေပေးခဲ့ရတယ်။ ကိုယ်လက်အင်္ဂါတွေစွန့်လွှတ်ခဲ့ရတယ်။ အခုတကယ်တန်း ပြတ်ပြတ်သားသား တိုက်ရင်နိုင်မယ်ဆိုတာ ကျနော်တို့လည်းသိတယ်၊ အားလုံးလည်းသိတယ်။ အဲဒါကို မတိုက်ဘဲနဲ့ပြန်ဆုတ်တယ်ဆိုတာက ကျနော်တို့ကလေးတွေရဲ့အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတာတွေက အလကားဖြစ်ကုန်တာပေါ့။ ကျနော်တို့အတွက် အများကြီးနစ်နာပါတယ်။ ဒါပေမဲ့ MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) က ဘယ်လိုညွှန်ကြားချက်တွေလာအုံးမလဲတော့မသိပါဘူး။"

မြ၀တီမြို့ကိုတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ကော့ကရိတ်ကနေတက်လာနေပေမဲ့ လမ်းတလျှောက်ပူးပေါင်းတပ်တွေက ဝိုင်းတိုက်တဲ့အတွက် သံချပ်ကာကားတွေ၊ စစ်သုံးကားတွေ၊ စစ်လက်နက်တွေကို ပူးပေါင်းတပ်တွေကရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ ၁၂ ရက်နေ့ကတည်းကတက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မြ၀တီမြို့ကို အခုချိန်ထိတော့ မတက်လာနိုင်သေးပါဘူး။ စစ်ကောင်စီဘက်က မြဝတီကို ဗုံးအလုံးရေ ၁၅၀ ကျော်နဲ့ပစ်ချခဲ့ပေမဲ့ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်မဲ့ တပ်အင်အားတွေကတော့ မြို့ကို မရောက်လာနိုင်သေးပါဘူး။

ကရင်နယ်ခြားစောင့်တပ်ကတော့ လတ်တလောမှာ နှစ်ဘက်လုံးကို အဆင်ပြေအောင်ဆက်ဆံနေပြီး မြို့လုံခြုံရေးကို လက်နက်ကိုင်အင်အားတွေနဲ့ နေရာယူထားပါတယ်။ နယ်ခြားစောင့်တပ်ဟာ ရွှေကုက္ကိုမြို့သစ်ကျမသွားအောင် ပါးနပ်စွာကိုင်တွယ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မြဝတီမြို့ဟာ ကရင်လက်နက်ကိုင်တွေအများဆုံးရှိတဲ့မြို့ဖြစ်သလို ရာဇဝတ်မှုတွေနဲ့ပတ်သက်နေတဲ့ လောင်းကစားလုပ်ငန်းတွေရဲ့ရှယ်ယာတွေမှာလည်း လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေထွက်နေတာပါ။ ဒီအတွက် အကျိုးစီးပွားတွေကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်နေကြတာဖြစ်တယ်လို့လည်း လေ့လာသူတွေကဝေဖန်နေကြပါတယ်။

နိုင်ငံတကာက အာရုံစိုက်တာခံနေရတဲ့ မြ၀တီမြို့ဟာ လတ်တလောမှာတော့ ဘယ်သူတွေထိမ်းချုပ်နိုင်နေပြီလဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG